ပွဲတော်အမည်
ကျင်းပသည့်လ
ကျင်းပသည့်အချိန်
တန်ဆောင်မုန်းလဆန်း(၁၄)ရက် အဖိတ်နေ့ ညနေ(၀၄၀၀)နာရီ
ရွှေတိဂုံစေတီတော်၌ တန်ဆောင်မုန်းလတွင် ကျင်းပသော မသိုးသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲသည် သက်တမ်းရှည်ကြာသောပွဲတော်တစ်ခုဖြစ်ပြီး မှတ်တမ်းများအရ ၁၉၄၁ ခုနှစ်တွင် အစောဆုံးကျင်းပသည်ကို သိရှိရပါသည်။ ယခုလက်ရှိမျက် မှောက်ကာလတွင် တန်ဆောင်မုန်းလဆန်း(၁၄)ရက် အဖိတ်နေ့ညနေ(၀၄၀၀)နာရီအချိန်တွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းရှေ့ စုရပ်မှစတင်၍ နဖူးစည်းဆိုင်းဘုတ်၊ ပန်းစိုက်ဖလား၊ သာသနာ့အလံကိုင်များ၊ ကြေးစည်၊ မောင်း၊ ခရုသင်းအဖွဲ့နှင့် ဂေါပကအဖွဲ့ဝင်များ ဦးဆောင်ပြီး စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ပြီး အောင်မြေရှိ ရက်ကန်းစင် (၉)စင်ရှေ့တွင် နေရာယူကာ ညနေ (၀၅၀၀)နာရီ အချိန်တွင် ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ဂေါပကအဖွဲ့ဝင်များမှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ယှဉ်ပြိုင်သည့်အသင်းများမှ စတင် ရက်လုပ်ယှဉ်ပြိုင်ကြပါသည်။ ည(၀၈၀၀)အချိန်တွင် ပြိုင်ပွဲပြီးဆုံးပြီး ဆုချီးမြှင့်ပါသည်။
တန်ဆောင်မုန်းလပြည့်နေ့ နံနက်အရုဏ်မတက်မီအချိန်တွင် အောင်မြေမှစတင်၍ ဂေါပကအဖွဲ့ဝင်များ ဦးဆောင်ပြီး ပြိုင်ပွဲဝင်အသင်းသူ/သားများတို့သည် မိမိတို့ ရက်လုပ်ခဲ့သော သင်္ကန်းများကို ဖြန့်ကျက်ကိုင်ဆောင်ပြီး ရင်ပြင်တော်ပေါ်ရှိ သတ်မှတ်ထားသော ရုပ်ပွားတော်(၉)ဆူအား မသိုးသင်္ကန်းကပ်လှူပူဇော်ကြပါသည်။
တန်ဆောင်မုန်းလပြည့်နေ့နံနက်အရုဏ်တက်ချိန်တွင် ဂေါပကအဖွဲ့ဝင်များဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စအသင်းများ အကျိုးဆောင်အဖွဲ့လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းသူ/သားများမှစုပေါင်း၍ ဧည့်ခံတန်ဆောင်းအတွင်းတွင် စေတီတော်ကြီးကိုဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ နံ့သာတို့ဖြင့် အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်း။
နံနက် (၀၆၀၀) နာရီတွင် ရှေးဟောင်း တန်ဆောင်းအတွင်း၌ ဂေါပကအဖွဲ့ဝင်များ ဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စအသင်းများ အကျိုးဆောင်အဖွဲ့လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းသူ/သားများ ပါဝင်လျက် မသိုးသင်္ကန်းလှူဒါန်းမှု ရေစက်ချအနုမောဒနာတရားတော်များကို နာကြားပြီး ရေစက်ချအမျှပေးဝေခြင်းဖြင့် တန်ဆောင်မုန်းလပြည့်နေ့တွင် ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာအတိုင်း မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲကြီးကို အောင်မြင်စွာကျင်းပခဲ့ကြပါသည်။