ရွှေတိဂုံစေတီတော် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)အခမ်းအနား၊ ဝါတွင်းကာလဗုဒ္ဓပူဇနိယပွဲတော်များ(ဆွမ်းသိမ်းအောင်ပွဲ)နှင့် ရေစက်ချအနုမောဒနာအခမ်းအနားကျင်းပ

Oct 17, 2024 | 12 month seasonal festival, News

၂၀၂၄ အောက်တိုဘာ ၁၇
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ မြတ်ဗုဒ္ဓ၏မမေ့အပ်ရာ နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယတွင် သီတင်းကျွတ် လပြည့်နေ့အကြို (အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြတ်ကြီးအား လျှပ်စစ်မီးစေတီများ လှည့်လည်ပူဇော်ဆက်ကပ်ပွဲနှင့်ဆီမီးတစ်သောင်းတစ်ထောင် စုပေါင်းထွန်းညှိပူဇော်ဆက်ကပ်ပွဲကို ၁၆-၁၀-၂၀၂၄ (အဖိတ်နေ့) ညပိုင်းတွင် ရွှေတိဂုံစေတီတော် ရင်ပြင်၌ ကျင်းပသည်။
ဦးစွာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ဂေါပကရုံး ဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာ ပြည်သူများက ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း စုရပ်မှ ဗုဒ္ဓရုပ်ပွားတော်နှင့်လျှပ်စစ်မီးစေတီများပင့်ဆောင်လျက် ရွှေတိဂုံစေတီတော် မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။
ထို့နောက် လျှပ်စစ်မီးစေတီများ စုပေါင်းပူဇော်ဆက်ကပ်ပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့် အောင်မြေ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား လျှပ်စစ်မီးစေတီများ၊ ပန်း၊ ရေချမ်း၊ ဆီမီးနံ့သာများဖြင့် ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊တိုင်းဒေသကြီးဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာ ပြည်သူများက စုပေါင်း၍ ရွှေတိဂုံ စေတီတော်ရင်ပြင်တော် ပတ်လည် ရှိ ဆီမီးခုံများ၌ ဆီမီးများ ထွန်းညှိ ပူဇော် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ၁၇-၁၀-၂၀၂၄ ရက်နေ့ နံနက် ၀၅၀၀ အချိန်တွင် ရင်ပြင်တော်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ အရုဏ်ဆွမ်းတော်ကြီးကပ်လှူပွဲ အခမ်းအနားကိုကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်များ ကပ်လှူပူဇော်ခဲ့ကြသည်။ နံနက် ၀၆၀၀ နာရီအချိန်တွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက
အဘိဓမ္မာအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာအမေးအဖြေများပြုလုပ်ခြင်း၊ ဓမ္မဒေသနာတော်များ စုပေါင်းရွတ်ဆိုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
နံနက် ၀၉၃၀ နာရီတွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဝါတွင်းကာလဗုဒ္ဓပူဇနိယပွဲတော်များ (ဆွမ်းသိမ်းအောင်ပွဲ)နှင့် ရေစက်ချအခမ်းအနားကိုကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများကြွရောက်တော်မူကြပြီး ဧည့်ပရိသတ်အပေါင်းတို့က ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တဂုဏာလင်္ကာရ (မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်)
ထံမှ နဝင်္ဂသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦး‌ဌေးလှိုင်က ဇယမင်္ဂလာအနုမောဒနာစာတမ်းလွှာအား ဖတ်ကြားလျှောက်ထားခြင်း၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ပြီးနောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဒွိပိဋကဓရ၊ ဝိနယ+ဒီဃနိကာယပါဠိပါရဂူ၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ပဓာန,နာယကဆရာတော် ဘဒ္ဒန္တနာဂိတထံမှ ဧည့်ပရိသတ်အပေါင်းတို့က အဘိဓမ္မာအခါတော်နေ့ဆိုင်ရာ အနုမောဒနာတရားနာကြား၍ ဝါတွင်းကာလ တစ်လျောက်ပြုခဲ့သော ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများအား ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့
Related News
ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပ

ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပ

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် စေတီတော်မြတ်ကြီးနှင့် ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့စေရန်...

read more
ရွှေတိဂုံစေတီတော်၌ (၃၆)ကြိမ်မြောက်မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲနှင့် တန်ဆောင်မုန်းလပြည့်နေ့ မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားများကျင်းပ

ရွှေတိဂုံစေတီတော်၌ (၃၆)ကြိမ်မြောက်မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲနှင့် တန်ဆောင်မုန်းလပြည့်နေ့ မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားများကျင်းပ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးပြုလုပ်သည့် (၃၆)ကြိမ်မြောက်မသိုး သင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲကို ၁၃၈၆ ခု၊ တန်ဆောင်မုန်းလဆန်း ၁၄...

read more
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အခမ်းအနား ကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အခမ်းအနား ကျင်းပ

  ၂၀၂၄ ခုနှစ် သြဂုတ် ၁၉ ရက် ရွှေတိဂုံစေတီတော် ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့အခမ်းအနားကို ၁၃၈၆ခု...

read more