Select Page

ဗုဒ္ဓအဆုံးအမများ

ရင်ပြင်တော်ပေါ်ရှိ မြတ်ဗုဒ္ဓ၏ အဆုံးအမများ

စေတီတော်ရင်ပြင်တွင် ရေးထိုးထားသည့် မြတ်ဗုဒ္ဓ၏ အဆုံးအမများ

ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ ဩဝါဒကထာများ

ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ ဩဝါဒကထားများ

ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒကထာ

ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများ ၏ ဩဝါဒကထာများ

ဆရာတော်ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ ဩဝါဒကထာ

“လောကလူသား၊ ဓမ္မလူသား”
ဘဝမှာ လောကလူသားနှင့် ဓမ္မလူသားရယ်လို့ လူအဖြစ်က နှစ်မျိုးရှိပါတယ်။ လောဘနောက်လိုက်ပြီး အရှိကိုအားကိုး ကြသူတွေက လောကလူသားတွေပါ။ ဓမ္မနောက်ကိုလိုက်ပြီး အသိကို အားကိုးမှ ဓမ္မလူသားလို့ ခေါ်ဆိုနိုင်တာပါ။
ဘဝမှာ အရှိတရားတွေထက် အသိတရားကသာ ပိုမိုပြီး တည်ငြိမ်ရင့်ကျက် အေးချမ်းပျော်ရွှင်မှုကို ပေးစွမ်းနိုင်တာပါ။ အသိတရား ကင်းတဲ့အခါ လူ့ဓန၊ လူချမ်းသာဆိုတာ မရှိတော့စိတ်ပူ၊ ရှိလာတော့ စိတ်မအေး ဖြစ်ရသလို လူ့ဆန္ဒ၊ လူ့လိုအင်တွေကလည်း မရတော့ စိတ်ဆင်းရဲ၊ ရလာတော့စိတ်မချမ်းသာ ဖြစ်တတ်ပါတယ်။ ဘဝဆိုတာ ရှိတိုင်းချမ်းသာတာမှမဟုတ်ပဲ။ လူချမ်းသာရဲ့ အနှစ်သာရဆိုတာ အသိပဲ။ တရားအသိမရှိလျှင် ချမ်းသာဖို့ရည်ရွယ်ပြီး ရှာဖွေစုဆောင်းထားတဲ့ ပစ္စည်းတွေက စိတ်နဲ့ခလုတ်တိုက်ပြီး အမြဲတမ်းလိုလို မျက်ရည်ကျရ ပူရတတ်ပါတယ်။

လူ့ဘဝ လူ့ချမ်းသာဆိုတာ အရှိတစ်ခုတည်းနဲ့ မပြည့်စုံ နိုင်ပါဘူး။ လူ့ဘဝရဲ့အဖိုးတန်ဆုံးရတနာဟာ အသိတရားပဲ ဖြစ်ပါတယ်။ အရှိတရားတွေမဟုတ်ဘူး။

ဘဒ္ဒန္တသိရိန္တာဘိဝံသ

တိပိဋကယောဆရာတော်

ဆရာတော်ဘဒ္ဒန္တတိလောကာဘိဝံသ၏ ဩဝါဒကထာ

ဗာလ, ပဏ္ဍိတ

ရောက်လာဝန်တာ၊ မဆောင်တာ၊ သူဟာ လူ့ဗာလ။ (အံ-၁၊ ၈၂)
 ‌ရောက်လာဝန်တာ၊ ဆောင်ရွက်တာ၊ သူဟာ ပဏ္ဍိတ။ (အံ-၁၊ ၈၃)

အချိန်၏ တန်ဖိုး
အချိန်အခါသည် မိမိအပါအဝင် သတ္တဝါအားလုံးကို ဝါးမျို စားသောက်ပစ်သည်၊ ရဟန္တာစသော စွမ်းဆောင်နိုင်သူများကား အချိန်တိုင်း ကုသိုလ်, ပညာ, ဉစ္စာကို ရယူနိုင်ခြင်းကြောင့် အချိန်ကိုပင် သူတို့က ပြန်လည် ဝါးမျို စားသောက်ပစ်သည်။

သင့်တွက်ရလာ၊ ချိန်အခါ၊ သင့်မှာ ကောင်းကျိုး ကျန်ပါစေ။

အချိန်ရှိခိုက်၊ လုံ့လစိုက်၊ ယူလိုက် ကုသိုလ် ပညာ ဉစ္စာတွေ။

လူညံ့ကိုကား၊ ချိန်က,စား၊ ပြန်စား,ချိန်ကို လူစွမ်းဆို။ (ဇာ-၁၊ ၆၈) 

အနှစ် သုံးပါး

ခန္ဓာကိုယ် ရရှိသူတိုင်း ခန္ဓာကိုယ်နှင့် ပတ်သက်သည့်

၁။ ပစ္စည်းဥစ္စာ၊

၂။ ခန္ဓာကိုယ်၊

၃။ အသက်၊

ဤ ၃-မျိုးသည် တစ်နေ့ ပျက်သုဉ်းသွားမည်သာ ဖြစ်သည်၊ မပျက်သုဉ်းမီ ဒါန, သီလ, ဝိပဿနာ အနှစ်ရအောင် ယူမှသာလျှင် ခန္ဓာရရှိကျိုးနပ်မည်။

ပစ္စည်းထဲမှာ၊ အနှစ်ရှာ၊ ရမှာ ဒါနသိ။

ခန္ဓာထဲမှာ၊ အနှစ်ရှာ၊ ရမှာ သီလသိ။

အသက်ထဲမှာ၊ အနှစ်ရှာ၊ ရမှာ ဝိပဿနာသိ။

ပစ္စည်း ခန္ဓာ၊ အသက်ပါ သုံး၊ မပျက်သုဉ်းမီ၊

နှစ် သုံးလီ၊ ဒါ သီ ဝိ- ကို ရအောင်စု။ (ဇာ-ဌ၊ ၄၊ ၇- ကဏှဇာတ်)

 အသာဆုံး ဓမ္မဒါန၊

  သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။

၁။ လှူဖွယ်ဖြစ်သည့် အာမိသနှင့်ဓမ္မတွင် အာမိသသည် ဉပါဒါန် စက်ကွင်းမလွတ်သည့် ရုပ်ဝတ္ထုလောကီ တရား ကာမအာရုံတရားသာ ဖြစ်သည်၊ ဓမ္မကား ဉပါဒါန်လက်လှမ်းမမီရာ လောကုတ္တရာ တရားများနှင့် နိဗ္ဗာန်လမ်းပြ ပရိယတ္တိတရားတို့သာဖြစ်၍ အာမိသထက် ဓမ္မက သာလွန်သည်။

၂။ မိမိမှာရှိသော ပစ္စည်းအာမိသကို ကလေးကအစ မည်သူမဆို ပေးနိုင်သည်၊ ဓမ္မကိုကား မိမိကိုယ်တိုင်က ဓမ္မကို ပေးနိုင်လောက်အောင် အရည်အချင်းရှိသူသာလျှင် ပေးနိုင်သည်၊ ပေးသူအနေဖြင့်လည်း အာမိသကို ပေးနိုင်သည်ထက် ဓမ္မကို ပေးနိုင်သူက သာလွန်သည်။

၃။ သူများပေးသော ပစ္စည်းအာမိသကို သိတတ်ကာစ ကလေးက အစ မည်သူမဆိုခံယူနိုင်သည်၊ ဓမ္မကိုကား အရည်အချင်းရှိသူသည် သာလျှင် ခံယူနိုင်သည်၊ အသိဉာဏ်နည်းလျှင် နည်းနည်းသာခံယူနိုင် သည်။ အသိဉာဏ်မရှိလျှင် မခံယူနိုင်၊ အသိဉာဏ်ရှိသလောက်သာ ခံယူနိုင်သည်၊ ပစ္စည်းအာမိသကို ခံယူနိုင်သူထက် ဓမ္မကို ခံယူနိုင်သူက သာလွန်သည်၊

၄။ အကျိုးရမှုမှာလည်း ပေးသူ, ယူသူ နှစ်ဦးလုံးအတွက် အာမိသ အကျိုးထက် ဓမ္မအကျိုးက သာလွန်သည်။

လှူဖွယ်ပေးသူ၊ ယူသူအကျိုး၊ လေးမျိုးသာလွန်၊ အကြောင်းဖန်၊ ကဲချွန် ဓမ္မဒါနမြတ်။

ဘဒ္ဒန္တတိလောကာဘိဝံသ
နိုင်ငံတော်သြဝါဒါစရိယ၊
အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ

ဆရာတော်ဘဒ္ဒန္တနာဂိတ၏ ဩဝါဒကထာ
လွန်ခဲ့သော ၁၀ နှစ်က ဂျပန်နိုင်ငံ ရှေးဟောင်းသမိုင်းဝင် ဗုဒ္ဓ နယ်မြေ ကျိုတိုမြို့ဇာတိသား ဒေါက်တာ ဟီရိုကီဩကုမုရဟု အမည်ရှိ သော ပရော်ဖက်ဆာ ဒေါက်တာတစ်ဦး မိမိကျောင်းသို့ လာရောက်၍ ၁ လကြာ ဒုလ္လဘ ရဟန်းဝတ်ဖြင့် နေထိုင်ခဲ့ဖူးပါသည်။ ဝိနည်းပိဋက၊ စူဠဝဂ္ဂ၊ သေနာသနက္ခန္ဓကကို ဦးစားပေးလေ့လာပြီး ဒေါက်တာဘွဲ့ ယူစာတမ်း ရေးသားပြုစုရာ၌ မိမိက သူ့ကိုကူညီခဲ့ဖူး၍ ခင်မင်ရင်းနှီး ကာ ရဟန်းဘောင် ဝင်ရောက်လာခြင်းဖြစ်ပါသည်။ သူနေထိုင်စဉ် ဂျပန်ဗုဒ္ဓဘာသာဝင်တို့ အကြောင်းကို မေးမြန်းလေ့လာ ဖူးပါသည်။

ဂျပန်ဗုဒ္ဓဘာသာဝင် ဘိုးဘိုးဘွားဘွားကြီးတို့သည် အသက် အရွယ်ကြီးရင့်၍ သွားလာရေး အဆင်မပြေ ခက်ခဲလာကြသည့်အခါ ဂျပန်ပြည်ရှိ အထင်ကရ ဗုဒ္ဓဘာသာဌာနများသို့ မိမိတို့ကိုယ်စား ဘုရားဖူး ဆုတောင်းပေးရန် နားလည်တတ်ကျွမ်းသော ဘုရားဖူး ကိုယ်စားလှယ်တို့ကို အခကြေးငွေ မြောက်မြားစွာ ပေး၍ ငှားရမ်းကြကာ ဘုရားဖူးကြသည်ဟု ထိုပရော်ဖက်ဆာက ပြောကြား၍ သိရှိခဲ့ရဖူးပါသည်။ ကြားရစဉ် ထိုအခါက ဂျပန်ဘိုးဘိုးဘွားဘွားကြီးများ၏ သဒ္ဓါစိတ်ကို အံ့ဩဝမ်းသာမှုဖြင့် သာဓုခေါ်ခဲ့ပါသည်။

ယခု မိမိတို့နိုင်ငံတော်အတွင်းမှာလည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက Pagoda Digital Directory ကို ကမ္ဘာကျော် ရွှေတိဂုံစေတီတော်မြတ် ကြီးမှာ အကောင်အထည်ဖော်ဆောင်မည်ဟု သိရ၍ အထူးပင် ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပြန်ပါသည်။

အဘယ်ကြောင့်ဆိုသော် တစ်ကမ္ဘာလုံးရှိ အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်များ မပင်မပန်း အခကြေးငွေ သီးသန့်မကုန်ကျတော့ဘဲ မြန်မာပြည်ရှိ တန်ခိုးကြီးဘုရားစေတီ ရုပ်ပွားတော်များကို တစ်နေရာတည်းကနေ တစ်ဝကြီး ဖူးမျှော်ကြည်ညိုခွင့်ရသွား သောကြောင့်ဖြစ်ပါသည်။

မှန်ပါသည်။ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပက ဥပါသကာကြီးများသည် သက်ရွယ်ကြီး ဘုရားဖူးများ၊ ဂိလာနဘုရားဖူးများအတွက် အဆင်တပြေဖြစ်စေရန် စေတီ၏ပထမပစ္စယံ ကားပေါ်မှ ဆင်းလျှင်ဆင်းခြင်း စေတီတော်ဝန်ထမ်းများက ဝှီးချဲ-တွန်းလှည်းများဖြင့် အဆင်သင့်စောင့်ကြိုကာ ဓာတ်လှေ ကားဖြင့် အလယ်ပစ္စယံထိ ခေါ်ဆောင်၍ ရွှေတိဂုံစေတီတော်မြတ်ကြီးကို စိတ်တိုင်းကျ ဖူးမျှော်ပူဇော်နိုင်ရန် စီမံထားကြပါသည်။

ထို့ကြောင့် ယခုပြုလုပ်စီမံထားမည့် Pagoda Digital Directory ကြောင့် ရွှေတိဂုံစေတီတော် ကြီးကိုသာမက တစ်နိုင်ငံလုံးရှိ တန်ခိုးကြီး စေတီဘုရားများကိုပါ စိတ်တိုင်းကျ ဖူးမျှော်ကြည်ညိုခွင့် ရရှိ သွားတော့မည် ဖြစ်ပါသည်။ အခြားအခြားသော နိုင်ငံများရှိ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ထက် အထူးကံကောင်းကြသော မြန်မာပြည်သူပြည်သား ရန်ကုန်မြို့တော်သူမြို့တော်သားများပင် ဖြစ်ကြပါသည်။

ထိုသို့ ဆောင်ရွက်ကြရာ၌ ရွှေတိဂုံစေတီတော်ကြီးနှင့် သာသနိက အဆောက်အအုံတို့ကိုပါ မပျက်မစီး ရအောင် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ကြမည်ဟုသိရ၍ အထူးပင် ချီးကျူးထောမနာ ဝမ်းသာရ ပြန်ပါသတည်း။

“ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်း”။ “ကောင်းကျိုးကိုယ်၌ တည်ကြပါစေသောဝ်”။

 ဘဒ္ဒန္တနာဂိတ
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊
ဝိနယ+ဒီဃနိကာယပါဠိပါရဂူ၊ ဒွိပိဋကဓရ ရွှေပြည်သာပရိယတ္တိကျောင်းတိုက်၏ ဦးစီးပဓာနမဟာနာယက

ဘဒ္ဒန္တအဂ္ဂသာမိ၏ဩဝါဒကထာ

“စင်ကြယ်အောင်ကြိုးစား”
( ၁ ) ဒေသနာသုဒ္ဓိ။ ပါတိမောက္ခသံဝရ သီလပျက်လျှင် မိမိအာပတ်ဆိုင်ရာကုစားခြင်း ဒေသနာကြားခြင်းစသည်ဖြင့် စင်ကြယ်အောင် ကြိုးစား။
( ၂ ) သံဝရသုဒ္ဓိ။ ဣန္ဒြိယသံဝရ သီလ(၆)ပါး၌ တစ်ပါးပါးပျက်လျှင် နောင်အခါ၌မပေါက်မကြား မပြောက်ကြားစေရဟု အဓိဋ္ဌာန်အောင် စောင့်ရှောက်ခြင်း စသည်ဖြင့် စင်ကြယ်အောင် ကြိုးစား။
( ၃ ) အာဇီဝပါရိသုဒ္ဓိ။ ကုလဒူသန အနေသန စသည်တို့ကြောင့် သီလပျက်လျှင် နောင်အခါ၌ မဖြစ်အောင် ရှောင်ကြဉ်၍ သမ္မာအာဇီဝကောင်းသော ရှာဖွေအသက်မွေးခြင်းမျိုးဖြင့် စင်ကြယ်အောင်ကြိုးစား။
( ၄ ) ပေစ္စဝေက္ခဏာသုဒ္ဓိ။ ပစ္စည်းလေးပါးတို့၌ မဆင်ခြင်မူ၍ သုံးစွဲ ခြင်းကြောင့်ဣဏ ပရိဘောဂဖြစ်လျှင် ထိုပစ္စည်းလေးပါးတို့၌ ပေစ္စဝေက္ခဏာ ဆင်ခြင်လိုက်ခြင်းဖြင့် စင်ကြယ်အောင် ကြိုးစား။

ဘဒ္ဒန္တအဂ္ဂသာမိ (ဒွိပိဋကဓရ) အဂ္ဂမဟာပဏ္ဍိတ

ဆရာတော်ဘဒ္ဒန္တကဉ္စန၏ ဩဝါဒကထာ
မြတ်ဗုဒ္ဓ၏ သာသနာတော်မြတ်ကြီးသည် အနုပုဗ္ဗသိက္ခာ၊ အနုပုဗ္ဗကိရိယာ၊ အနုပုဗ္ဗပဋိပဒါဌိတဓမ္မ စသော အံ့ဖွယ် (၈) ဖြာနှင့် ပြည့်စုံလှပါ၍ အလွန်မတန် အထက်တန်းကျ မျက်နှာပန်းလှပါသည်။
မြင့်မြတ်လှသော သာသနာတော်ကြီးနှင့် ကြုံတွေ့နေရခြင်းသည် အလွန်မတန် ကံကောင်းသည်ဟု ဆိုရပေမည်။
ယခုလို သာသနာတော်ကြီးနဲ့ကြုံခိုက်၊ လူ့အဖြစ်ရခိုက်မှာ ဒါန သီလ ဘာဝနာ ဆိုတဲ့ ကုသိုလ် အနှစ်တရားများ အချိန်ရှိခိုက် ကြိုးစားပွားများ အားထုတ်ရန် လိုအပ်ပေသည်။
၁။ အိုရခြင်း ဇရာတရား နှိပ်စက်တွေ့ကြုံ ခံစားရဦးမည့် အနာဂတ်ဘေး။
၂။ နာရခြင်း ဗျာဓိတရား နှိပ်စက်တွေ့ကြုံ ခံစားရဦးမည့် အနာဂတ်ဘေး။
၃။ သေရခြင်း မရဏတရား နှိပ်စက်တွေ့ကြုံ ခံစားရမည့် အနာဂတ်ဘေး။
ဤတွေ့ကြုံလတ္တံ့သော အနာဂတ်ဘေးများကို တွေးတောဆင်ခြင်၍ ထိုအနာဂတ်ဘေးများနှင့် မကြုံတွေ့ရသေးမီ ဈာန်မဂ်ဖိုလ် တရားများကိုရရန်၊ မျက်မှောက်မပြုရသေးသော နိဗ္ဗာန်ကို မျက်မှောက် ပြုရန် စွမ်းအားထုတ်၍ ကြိုးပမ်းကြပါဟု တိုက်တွန်းရင်း ဩဝါဒနိဂုံး အဆုံးသတ်လိုက်ပါသတည်း။

ဘဒ္ဒန္တကဉ္စန
နိုင်ငံတော် သံဃမဟာနာယက၊ မဟာဂန္ထဝါစကပဏ္ဍိတလှိုင်ရတနာပရိယတ္တိစာသင်တိုက်၊ ရွှေပြည်သာမြို့။

ဆရာတော် ဘဒ္ဒန္တဝေပုလ္လ၏ သြဝါဒကထာ
၁။ မြန်မာနိုင်ငံအတွင်းရှိ တန်ခိုးကြီးဘုရား ဘုရားစေတီပုထိုးများအနက် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီ တော်မြတ်ကြီးသည် သာသနာ့သမိုင်းအရ ရှေးအကျဆုံး စေတီတော်မြတ်ကြီး ဖြစ်ပါသည်။
၂။ ယင်းစေတီတော်ကြီးနှင့် သာသနိကအဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ရာတွင် သမိုင်း တန်ဖိုး မထိခိုက်မပျက်စီး မလျော့ပါးစေရေး အလေးပေးထိန်းသိမ်း စောင့်ရှောက် ဆောင်ရွက်ပါရန် သြဝါဒစကား မြွက်ကြားအပ်ပါသည်။

ဘဒ္ဒန္တဝေပုလ္လ (အဂ္ဂမဟာပဏ္ဍိတ)

ဆရာတော်ဘဒ္ဒန္တဇာဂရ၏ဩဝါဒကထာ
သံသရာဝဋ်မှ ကျွတ်လွတ်လိုလျှင်
၁။ စိတ်ကောင်း ရှိရမည်။
၂။ သီလ ရှိရမည်။
၃။ ဝိပဿနာ ရှိရမည်။
ဤသုံးမျိုးနှင့် ပြည့်စုံပါလျှင် သံသရာဝဋ်မှ မုချကျွတ်လွတ် မည်ဖြစ်ပါသည်။
သူတော်ကောင်းတို့ “စိတ်ကောင်းရှိ၊ သီလမြဲ၊ ဝိပဿနာစွဲ၊ သံသရာဝဋ်မှ ကျွတ်မည်မလွဲ”
“အများအကျိုး၊ ရွက်သည်ပိုးက
ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း
မတိမ်းမစောင်း၊ ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့’’

ဘဒ္ဒန္တဇာဂရ
မြသိန်းတန်ဆရာတော်

ဆရာတော်ဘဒ္ဒန္တသုစိတ္တ၏ဩဝါဒကထာ
ပန်းတိုင်သို့ချီရာဝယ်

  • ကာယကံမှာ၊ ထည့်,မေတ္တာ၊ မှန်စွာ အဖွဲ့ စည်းလုံးမည်။
  •  ဝစီခံမှာ၊ ထည့်,မေတ္တာ၊ မှန်စွာ အဖွဲ့ စည်းလုံးမည်။
  • မနောကံမှာ၊ ပွါး, မေတ္တာ၊ မှန်စွာ အဖွဲ့ စည်းလုံးမည်။
  • ခွဲခြမ်းဝေဖန်၊ သုံးစွဲပြန်၊ အမှန် အဖွဲ့စည်းလုံးမည်။
  • ကိုယ်ကျင့်သီလ၊ တူညီက၊ မုချ အဖွဲ့ စည်းလုံးမည်။
  • ပညာ,အလှ၊ တူညီက၊ မုချ အဖွဲ့ စည်းလုံးမည်။
  • တရား (၆)ပါး၊ နေ့စဉ်ပွား၍၊ စိတ်ထားညီညာ၊ စည်းလုံး ပါက၊ မှန်စွာဆန္ဒ၊ စုံပြည့်ဝ၊ မုချရောက်မည် ပန်းတိုင်ဆီ။

သာရဏီယသုတ်
အရှင်သုစိတ္တ (နေနတ်သား)
နိုင်ငံတော်သံဃမဟာနာယက

ဆရာတော် ဘဒ္ဒန္တ ဝါယာမိန္ဒာဘိဝံသ၏ ဩဝါဒကထာ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒကထာချီးမြှင့်ပေးပါရန် လျှောက်ထားချက်သည်-
သတံ ဟိ သော ပိယော ဟောတိ၊
အသတံ ဟောတိ အပ္ပိယော။
သူတော်စင်တို့သည် ဆုံးမသွန်သင်မှုကို ချစ်ခင်နှစ်သက်ကြသည်။
သူတော်စင်မဟုတ်၊ သူယုတ်မာတို့သည် ဆုံးမသွန်သင်မှုကို မချစ်ခင်မနှစ်သက်ကြပေ – ဟု
ဗုဒ္ဓမြတ်စွာ မိန့်တော်မူချက်နှင့် လိုက်လျောညီထွေရှိပါပေသည်။
ပစ္စည်းပရိက္ခရာသည် လေးမျိုးရှိကြောင်း ဝိနယပိဋက ပရိဝါရ ပါဠိတော်၌ ဤကဲ့သို့ မိန့်ကြားထားပါသည်။
စတ္တာရော ပရိက္ခာရာ –
( ၁ ) အတ္ထိပရိက္ခာရော ရက္ခိတဗ္ဗော ဂေါပေတဗ္ဗော မမာယိ တဗ္ဗော ပရိဘုဉ္ဇိတဗ္ဗော၊
( ၂ ) အတ္ထိ ပရိက္ခာရော ရက္ခိတဗ္ဗော ဂေါပေတဗ္ဗော မမာယိ တဗ္ဗော, န ပရိဘုဉ္ဇိတဗ္ဗော၊
( ၃ ) အတ္ထိ ပရိက္ခာရော ရက္ခိတဗ္ဗော ဂေါပေတဗ္ဗော, နမမာယိ တဗ္ဗော န ပရိဘုဉ္ဇိတဗ္ဗော၊
( ၄ ) အတ္ထိ ပရိက္ခာရော န ရက္ခိတဗ္ဗော န ဂေါပေတဗ္ဗော, န မမာယိတဗ္ဗော န ပရိဘုဉ္ဇိတဗ္ဗော။
ဆိုလိုရင်းမှာ –
( ၁ ) မပျောက်မပျက်အောင် စောင့်ရှောက်ထိုက်သော လုံခြုံစေထိုက်သော ငါ့ဥစ္စာဟု ပြုထိုက် မြတ်နိုး ထိုက်သော သုံးစွဲထိုက်သော ပစ္စည်းပရိက္ခရာမျိုးရှိသည်။ ထိုပစ္စည်း ပရိက္ခရာမျိုးမှာ မိမိပိုင်ဆိုင်သော ပစ္စည်းပရိက္ခရာများ ဖြစ်သည်။
( ၂ ) မပျောက်မပျက်အောင် စောင့်ရှောက်ထိုက်သော လုံခြုံစေထိုက်သော ငါ့ဥစ္စာဟု ပြုထိုက် မြတ်နိုး ထိုက်သော မသုံးစွဲထိုက်သော ပစ္စည်းပရိက္ခရာမျိုးရှိသည်။ ထိုပစ္စည်း ပရိက္ခရာမျိုးမှာ သံဃိက- သံဃာပိုင်ဆိုင်သော ပစ္စည်းပရိက္ခရာများဖြစ်သည်။
( ၃ ) မပျောက်မပျက်အောင် စောင့်ရှောက်ထိုက်သော လုံခြုံစေထိုက်သော ငါ့ဥစ္စာဟု မပြုထိုက် မမြတ်နိုး ထိုက်သော မိမိပိုင်အဖြစ် ဖြင့် မသုံးစွဲထိုက်သော ပစ္စည်းပရိက္ခရာမျိုးရှိသည်။ ထိုပစ္စည်း ပရိက္ခရာမျိုးမှာ စေတိယသန္တက ဘုရားစေတီ ပိုင်ဆိုင်သော ပစ္စည်းပရိက္ခရာများ ဖြစ်သည်။
( ၄ ) ရဟန်းတော်များအနေဖြင့် မစောင့်ရှောက်ထိုက်သော မလုံခြုံစေထိုက်သော ငါ့ဥစ္စာဟု မပြုထိုက် မမြတ်နိုးထိုက်သော မသုံးစွဲထိုက်သော ပစ္စည်းပရိက္ခရာမျိုးရှိသည်။ ထိုပစ္စည်း ပရိက္ခရာမျိုးမှာ ဂိဟိ သန္တက လူတို့ ပိုင်ဆိုင်သော ပစ္စည်းပရိက္ခရာများဖြစ်သည် ဟုဆိုလိုရင်း ဖြစ်သည်။
ထိုသို့ ဗုဒ္ဓမြတ်စွာ မိန့်တော်မူချက်အရ ရွှေတိဂုံစေတီတော်၏ ဘဏ္ဍာတော်များသည် မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ထိုက်သော လုံခြုံစေထိုက်သော ငါပိုင်ဥစ္စာဟု မပြုထိုက်မမြတ်နိုး ထိုက်သော မိမိပိုင် အဖြစ်ဖြင့် မသုံးစွဲထိုက်သော တတိယအမျိုးအစား ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်လက်ထက်က အရှင်ဥပဝါဏဘွဲ့အမည်ရှိသော ရဟန္တာမထေရ်သည် ကဿပ ဘုရားရှင်ကို ရည်မှန်း၍ ပူဇော်သော ရွှေစေတီ၌ အစောင့်အရှောက်ပြုသော နတ်ဖြစ်ခဲ့သဖြင့်၊ ဂေါတမဘုရား လက်ထက်တော်၌ နတ်ဗြဟ္မာများကပင် ဖောက်ထွင်း၍မမြင်နိုင်အောင် အရှိန်အဝါတန်ခိုး များပြားထက်မြက် ခဲ့ပါသည်။
ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ ဒကာကြီးတို့သည်လည်း စေတီတော်ကို စောင့်ရှောက်လုံခြုံမှုများ ပေးသော ကုသိုလ်များကြောင့် ချမ်းသာသုခ ကြွယ်ဝဖွံဖြိုး၍ အရှိန်အဝါတန်ခိုး များပြားနိုင်ကြပါစေ။
အားလုံးလူရှင်၊ ဂန္ထဝင်၊ ကြည်လင် အေးချမ်းကြပါစေ။

ဘဒ္ဒန္တ ဝါယာမိန္ဒာဘိဝံသ။
အဂ္ဂမဟာ အကျော်၊
ဝိနယပါဠိပါရဂူ၊ အဘိဓမ္မ ပါဠိပါရဂူ။
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ
တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်

ဆရာတော် ဘဒ္ဒန္တဂုဏာလင်္ကာရ၏ဩဝါဒကထာ
ဗုဒ္ဓစန္ဒေ အနုပ္ပန္နေ၊ ဗုဒ္ဓါဒိစ္စေ အနုဂ္ဂတေ။
တေသံ သဘာဂဓမ္မာနံ၊ နာမမတ္တံ နနာယတိ။
ဗုဒ္ဓစန္ဒေ၊ ဘုရားရှင်တည်းဟူသော လမင်းကြီးသည်။ အနုပ္ပန္နေ၊ မပွင့်ထွန်း မပေါ်ပေါက်ခဲ့သည်ရှိသော်။ ဗုဒ္ဓါဒိစ္စေ၊ ဘုရားရှင်တည်း ဟူသော နေမင်းကြီးသည်။ အနုဂ္ဂတေ၊ မပေါ်မထွက်ခဲ့သည် ရှိသော်။ တေသံ သဘာဂဓမ္မာနံ၊ ထို ကုသိုလ်, အကုသိုလ် ရုပ်နာမ်ခန္ဓာ အနိစ္စ အခြင်းအရာ စသည်အားဖြင့် တူမျှကုန်ကြသော သင်္ခတတရားတို့၏။ နာမမတ္တံ၊ ဤကားကုသိုလ် အကုသိုလ်ဟု ရုပ်, နာမ်ခန္ဓာ, ဖဿ, ဝေဒနာ, မမြဲခြင်း, ဆင်းရဲခြင်း, အစိုးမရခြင်းစသော အမည်မျှလည်း။
န နာယတိ၊ မသိမမြင်နိုင်ကြပေ။-ဟူ၍ (ပရိဝါပါဠိတော်။ ၂၅၇။)၌ ဟောကြားတော်မူခဲ့သည်နှင့်အညီ လမင်းတမျှ မဟာကရုဏာတော်ဖြင့် အေးမြစေတော်မူသော ဘုရားရှင်၊ ပညာတန်ဆောင် ထွန်းပြောင် ထိန်လင်း နေမင်းကြီးနှင့်တူတော်မူသော ရှင်တော်မြတ် ဘုရားမပွင့်ထွန်း မပေါ်ပေါက်ခဲ့ဖူးဆိုပါက သတ္တဝါတွေ အားလုံး ကြီးနိုင်ငယ်ညှင်း အချင်းချင်းရိုင်းပင်းမှုမရှိ နိုင်ရာစားတွေချည်း ဖြစ်ပေလိမ့်မည်။ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာလို့သာ “ဤကားကုသိုလ်, ဤကားအကုသိုလ်” ဟု ခွဲခြားသိမြင်ကာ ကုသိုလ်ပြုလုပ်ခွင့် ရကြ၊ အကုသိုလ်တရားများ ရှောင်ရှားခွင့်ရကြပေသည်။
ဤမျှသာမကသေး ရုပ်နာမ်ခန္ဓာတရားတို့၏ မမြဲခြင်းအနိစ္စ၊ ဆင်းရဲခြင်းဒုက္ခ၊ အစိုးမရ မိမိအကြိုက် အတိုင်း မဖြစ်တတ်သည့် အနတ္တ သဘာဝတို့ကိုလည်း လေ့လာသင်ယူ နာကြားပွားများအား ထုတ်ခွင့် ရကြပေသည်။
သာသနာထွန်းကားရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ လူလာဖြစ်ကြရသော ဒါယကာ, ဒါယိကာမ အပေါင်း သူတော်ကောင်းတို့သည် အတိတ်ဘဝက ဆည်းပူးခဲ့သော မြတ်ပုညကြောင့် သက်ရှိထင်ရှား ရှိတော်မူသော ဘုရားရှင်ကို ကိုယ်တိုင်မဖူးမြင်လိုက်ရပေမယ့် တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့၏ ကျေးဇူးကြောင့် ဂေါတမဗုဒ္ဓ၏ဆံတော်မြတ်၊ ကကုသန်မြတ်ဗုဒ္ဓ၏တောင်ဝှေးတော်၊ ကောဏာဂုံမြတ်ဗုဒ္ဓ၏ ရေစစ်တော်၊ ကဿပမြတ်စွာဘုရား၏ ရေသနုပ်တော် ဟူသော ဘုရားရှင်လေးဆူတို့၏ ဓာတ်တော်မွေတော် များကို ဥက္ကလာပမင်းကြီးသည် သိင်္ဂုတ္တရကုန်းတော်မြေမြတ်၌ ဌာပနာသွင်းကာ ရွှေတိဂုံစေတီတော် မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့၍ မျက်ဝါးထင်ထင် ဖူးမြှော်ကြည်ညိုခွင့် ကုသိုလ်တရားများ ပွားများခွင့် ရကြပေသည်။
တစ်ဖန် ကိုးတိုင်းကိုးဌာန သာသနာပြု မင်းကောင်းမင်းမြတ် သီရိဓမ္မာသောကမင်းကြီး၏ စီစဉ်မှုဖြင့် အရှင်သောဏ, အရှင်ဥတ္တရ မထေရ်မြတ်နှစ်ပါးနှင့် ရှင်အရဟံမထေရ်မြတ်တို့၏ ကျေးဇူးတော်၊ သာသနာပြုမင်းမြတ် အနော်ရထာတို့၏ ကျေးဇူးတော်ကြောင့် ယနေ့ခေတ်ကာလတိုင် ဘုရားကျောင်းကန် စေတီအမျိုးမျိုး ပရိယတ္တိစာသင်တိုက်ကြီးများ ပဋိပတ္တိရိပ်သာကြီးများ နေရောင်လရောင်ပမာ ထွန်းလင်း တောက်ပနေပေသည်။
ယခုလည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ Pagoda Digital Directory လုပ်ငန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဗုဒ္ဓခေတ်အချိန်အခါကောင်းဝယ် သိအောင်လည်း သင်ကြပါ၊ မြင်အောင်လည်း ကျင့်ကြပါဟု တိုက်တွန်းရင်း အောက်ပါကဗျာလေးဖြင့် သြဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ပါသတည်း။
လူဖြစ်လာကြ၊ လောကဤဘုံ၊
ကံကောင်းထောက်လို့ ဗုဒ္ဓတွေ့ကြုံ၊
ကြိုးစားလိုက်ကြ စွမ်းအားအကုန်၊
သံသာစက် ထွက်ရပ်နိဗ္ဗာန်ဘုံ။ ။

ဘဒ္ဒန္တဂုဏာလင်္ကာရ

လှရတနာဆရာတော် ဘဒ္ဒန္တနာဒါဘိဝံသ၏ ဩဝါဒကထာ
သတ္တဝါများအဖို့ ခံစားစရာ အာရုံတို့မှာ ဣဋ္ဌာရုံ + အနိဋ္ဌာရုံ + ဣဋ္ဌမဇ္ဈတ္တာရုံ + အတိဣဋ္ဌာရုံဟူ၍ (၄)မျိုး (၄)စား ရှိရာ ဘုရားစေတီ ပုထိုးတို့မှာ အတိဣဋ္ဌာရုံ (အလွန့်အလွန် ကောင်းမြတ်သောအာရုံ)တို့ ဖြစ်ကြ၏။ ထိုအတိဣဋ္ဌာရုံဖြစ်သော ဘုရားစေတီပုထိုးတို့ကိုမြင်တွေ့ ဖူးမြော်ခွင့်ရရှိကြသည်မှာ အတိတ်ကပြုလာခဲ့သော ရှေးဘုန်း ရှေးကုသိုလ်ကံ ကြီးမားမှုကြောင့်ပင်ဖြစ်သည်။
ထို့ကြောင့် တစ်ချိန်သောအခါက ဆိုဗီယက်နိုင်ငံ ဝန်ကြီးချုပ် ခရူးရှပ်သည် ရွှေတိဂုံဘုရားစေတီကို မြင်တွေ့ ဖူးမြော်ရသောအခါ (မိမိကဘာသာမဲ့ပင် ဖြစ်ငြားသော်လည်း) “နှစ်ပေါင်း (၂၅၀၀)ကျော် လာသည် အထိ ဘာသာတစ်ခုကို ရပ်တည်နိုင်အောင် တည်ထောင်လာခဲ့သူဖြစ်၍ မြတ်စွာဗုဒ္ဓကို လေးစားပါကြောင်း” ပြောဆိုကာ လက်အုပ်ချီခဲ့ဖူးလေသည်။
သို့ဖြစ်ရာ မိမိတို့သည်လည်း ရှေးကုသိုလ်ကံ ထောက်မသဖြင့် အတိဣဋ္ဌာရုံဖြစ်သည့် လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်ကြီးကို စေတနာသဒ္ဓါတရား ထက်သန်ကြီးမားစွာဖြင့် ပူဇော်နိုင်ကြပါစေကြောင်း မေတ္တာ ရေသွန်းလောင်းလျက် ဩဝါဒကထာကို ချီးမြှင့်ပေးအပ်ပါသည်။။

လှရတနာဆရာတော် ဘဒ္ဒန္တနာဒါဘိဝံသ

အံ့ဘွယ်ရှစ်ဖြာသာသနာ

သင်္ဂါယနာတင်သမိုင်းများ

သာသနာတော် သန့်ရှင်းရေးအတွက် သင်္ဂါယနာတင် မှတ်တမ်းများ

ပထမသင်္ဂါယနာ

မဟာသက္ကရာဇ် (၁၄၈)ခုနှစ်၊ (၄၈၃ ဘီစီ)တွင် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်တော်မူပြီး သုံးလအကြာ ရာဇဂြိုလ်ပြည် အဇာတသတ်မင်းလက်ထက် သုဘဒ်ရဟန်းကဲ့သို့ သာသနာညစ်နွမ်းစေမည့် အယူလွဲသူတို့ အန္တရာယ်မှ ကာကွယ်ရန်အလို့ငှာ ဝေဘာရတောင်ယံ သတ္တဝဏ္ဏိလိုဏ်ဂူ၌ အရှင်ကဿပမထေရ် အမှူးပြု၍ ရှင်ဉပါလိ ရှင်အာနန္ဒာမထေရ်တို့အား အမေးအဖြေပြုကာ ရဟန္တာငါးရာနှင့် ခုနှစ်လတိုင်တိုင် စုပေါင်းရွတ်ဆိုပြီး ပထမသင်္ဂါယနာတင်တော်မူသည်။

(ပန်းချီ – ဦးအမ်တင်အေး)

ဒုတိယသင်္ဂါယနာ

သာသနာတော်နှစ် ၁၀၀ (၃၈၃ ဘီစီ) တွင် ဝေသာလီပြည်ကာလာသောကမင်းလက်ထက် အဓမ္မတရားဆယ်ပါး အယူမှားကို ကာကွယ်စိမ့်သောငှာ ဝါလုကာရုံကျောင်းတော်ကြီး၌ သဗ္ဗကာမိ မထေရ် အရှင်ရေဝတ၊ အရှင်မဟာယသစသည့် ရဟန္တာမထေရ်ကြီး ရှစ်ပါးအမှူးပြု၍ အာဂုံဆောင် ရဟန္တာခုနှစ်ရာနှင့် ရှစ်လတိုင်တိုင် စုပေါင်းရွတ်ဆိုကာ ဒုတိယအကြိမ် သင်္ဂါယနာ တင်တော်မူသည်။

(ပန်းချီ – ဦးသောင်းဟန်)

တတိယသင်္ဂါယနာ

သာသနာနှစ် ၂၃၅ (ဘီစီ -၂၄၇)တွင် ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်းကြီးလက်ထက် ရဟန်းအတုအယောင်များ အန္တရာယ်အညစ်အကြေးမှ သန့်စင်စိမ့်သောငှာ အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ် အမှူးပြုသော ရဟန္တာတစ်သောင်း သံဃာတော်ခြောက်သန်းကျော်တို့သည် အသောကာရုံ ကျောင်းတော်ကြီး၌ ကိုးလတိုင်တိုင် စုပေါင်းရွတ်ဆို၍ တတိယသင်္ဂါယနာတင်တော်မူခဲ့ကြသည်။
ကိုးတိုင်းကိုးဌာနသို့ “ဓမ္မဒူတ”ခေါ်သာသနာစေတမာန်များ စေလွှတ်တော်မူသည်။

(ပန်းချီ – ဦးရှိန်ထွန်း)

စတုတ္ထသင်္ဂါယနာ

သာသနာနှစ် ၄၅၀ (၃၃ – ဘီစီ)တွင် သီဟိုဠ်ကျွန်း(သီရိလင်္ကာ) ဝဋဂါမဏီမင်းလက်ထက် ယခင် ခေတ်အဆက်ဆက် ပိဋကတ်တော်ကို နှုတ်ဖြင့် အာဂုံဆောင်ခဲ့ရာမှ “ပေထက်အက္ခရာ” တင်စိမ့်သောငှာ အရှင်ဓမ္မရက္ခိတအမှူးပြုသော ရဟန္တာငါးရာကြပ်မတ်၍ မလယဇနပုဒ်အာလောက လိုဏ်ဂူ၌ စုပေါင်း ရေးခြင်း ရွတ်ဆိုခြင်းတို့ဖြင့် စတုတ္ထအကြိမ် သင်္ဂါယနာတင်တော်မူလေသည်။

(ပန်းချီ – ဦးတင်အေး မန္တလေး)

ပဉ္စမသင်္ဂါယနာ

သာသနာနှစ် ၂၄၁၅ (ကောဇာသက္ကရာဇ် ၁၂၂၂) (အေဒီ ၁၈၇၁)မှစ၍ ၁၁ နှစ်တိုင်တိုင် မြန်မာနိုင်ငံ မင်းတုန်းမင်းလက်ထက် ရတနာပုံမန္တလေးနေပြည်တော်တွင် ပိဋကတ်တော်များ သန့်စင် တည်တန့်ခိုင်မာ စိမ့်သောငှာ ရဟန်းပညာရှိ လူပညာရှိတို့ အဆင့်ဆင့်ကြတ်မတ်စီစစ်ကာ “ကျောက်ထက် အက္ခရာ” တင်စေခဲ့ လေသည်။
မဟာဓမ္မရာဇာဓီရာဇဂုရု ဆရာတော်ကြီးများ အမှူးပြုသော သံဃာတော် ၂၄၀၀ တို့ စီစစ်မေးဖြေ၍ သီဟသနပလ္လင်တော်ရှေ့၌ ပဉ္စမအကြိမ် သင်္ဂါယနာ တင်တော်မူသည်။

(ပန်းချီ – ဦးကြွယ်လေး)

ဆဋ္ဌမသင်္ဂါယနာ

သာသနာနှစ် ၂၄၉၈၊ ကောဇာသက္ကရာဇ် ၁၃၁၆ မှ ၁၃၁၈ (အေဒီ ၁၉၅၄ မှ ၁၉၅၆ ) မြန်မာနိုင်ငံ ရန်ကုန်မြို့တော် ဆဋ္ဌသင်္ဂီတိမဟာပါသာဏကျောက်လိုဏ်ဂူတော်ကြီးတွင် ပိဋကတ်တော်များ သန့်ရှင်း စင်ကြယ်စေ၍ ကမ္ဘာအရပ်ရပ်သို့ ပိုမို ပြန့်နှံ့ကာ အဓွန့်ရှည်ကြာစိမ့်သောငှာ ညောင်ရမ်းဆရာတော်ဘုရား၊ နောင်တွင် မစိုးရိမ်ဆရာတော်ဘုရားတို့က သံဃနာယကပြုပြီး မဟာစည်ဆရာတော်ဘုရားကမေး၍ မင်းကွန်းတိပိဋကဓရ ဆရာတော်က ဖြေဆိုတော်မူကာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ်ပူးချားနိုင်ငံ၊ လောနိုင်ငံ၊ သီရိလင်္ကာနိုင်ငံစသော ထေရဝါဒနိုင်ငံ (၅)နိုင်ငံမှ သံဃာတော်များအပါအဝင် သံဃာတော်ပေါင်း ၂၆၁၇ ပါးတို့နှင့် ဆဋ္ဌသင်္ဂါယနာတင်တော်မူသည်။

(ပန်းချီ – ဦးဘလုံလေး)

ထေရဝါဒ ဗုဒ္ဓဘာသာ (၅) နိုင်ငံ၏ ကိုးကွယ်မှုအခြေပြဇယား

မြန်မာနိုင်ငံရှိ သံဃာအရေအတွက်သည် ထေရဝါဒ(၅)နိုင်ငံရှိ သံဃာအရေအတွက်၏ ( ၆၆% ) ရှိပါသည်။

[ ရည်ညွှန်းချက် – နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၁၀-၆-၂၀၂၄ ရက်စွဲပါ စာအမှတ် ၄၉ ၅၇-၇/၂၀၂၄(၈၆၄) ]

စဉ် နိုင်ငံအမည် လူဦးရေ (သန်း) ဗုဒ္ဓဘာသာဝင် (%) သံဃာတော်  အရေအတွက် မှတ်ချက်
သီရိလင်္ကာ ၂၁.၉၄ ၇၀.၂ ၁၅,၀၀၀
မြန်မာ ၅၄.၇၂ ၈၇.၉ ၅၉၄,၈၂၁
ထိုင်း ၇၁.၈၅ ၉၂.၅ ၂၀၀,၀၀၀
ကမ္ဘောဒီးယား ၁၇.၁၂ ၉၇.၁ ၇၀,၉၀၅
လာအို ၇.၆၉ ၆၄.၇ ၂၀,၀၀၀
စုစုပေါင်းသံဃာတော်အရေအတွက် ၉၀၀,၇၂၆