Mawkhun

Mawkhun
Location
ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်အောက်ပစ္စယာရှိ ဆိုင်ခန်း(၄၀)နောက်ကျော
စတင်ဖွင့်လှစ်သည့်ရက်
၁၄-၇-၁၉၉၂
မော်ကွန်းတိုက်သည် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အောက်ပစ္စယာရှိ ဆိုင်ခန်း (၄၀) နောက်ကျောတွင် တည်ရှိသည့် ၃ ထပ် အဆောက်အဦ ဖြစ်ပါသည်။ ယခင်က မော်ကွန်းတိုက်ကို ရွှေတိဂုံစေတီတော် ရင်ပြင်တော် ရာဟုထောင့်ရှိ ပြတိုက်၊ ပိဋကတ်တိုက်၊ မော်ကွန်းတိုက်ကြီး၏ အောက်ဆုံးထပ်တွင် ရှိပြီး ၁၄.၇.၁၉၉၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုစဉ်က မော်ကွန်းတိုက် သည် ပြတိုက်-ပြခန်းဌာန၏ ဌာနခွဲ တစ်ခုဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် မော်ကွန်းဌာနခွဲဟု သတ်မှတ်ပြီး ရုံးအဖွဲ့မှူးမှ တိုက်ရိုက်ကိုင်တွယ်ပြီး ယခုအခါ ဝန်ထမ်းရေးရာနှင့်မှတ်တမ်းဌာန၏ ဌာနခွဲတစ်ခု ဖြစ်လာပါသည်။ ၂၀၁၁ ခုနှစ်တွင် ပြတိုက်၊ ပိဋကတ်တိုက်၊ မော်ကွန်းတိုက်အား ဗုဒ္ဓပြတိုက်အဖြစ် အဆင့်မြှင့်အသစ်ဆောက်လုပ်နိုင်ရန်အတွက် စီစဉ်ရာတွင် ပြတိုက်အောက်ဆုံးထပ်ရှိ မော်ကွန်းတိုက် ကို အရှေ့ဘက် ဦးခင်အုံးပိဋကတ်တိုက်(ခေါ်) ဖျာပုံပိဋကတ်တိုက်သို့ ၂၁.၈.၂၀၁၃ ရက်နေ့တွင် ပြောင်းရွေ့ဖွင့်လှစ်ခဲ့ပါသည်။ ထိုပိဋကတ်တိုက်ကို အလှူရှင် သူဌေး ဦးသက်ရှည်+ ဒေါ်မိနှင် ဒေးဒရဲ မြို့၊ ကျောင်းဒကာ ဦးရွှေအုံး၊ ဒေါ်သေးသေး၊ သား ရန်ကုန်မြို့ မောင်အုံးခင်+မစိန်တင် တို့က ၁၂၉၉ ခုနှစ်(၁၉၃၇ ခုနှစ်)တွင် လှူဒါန်းထားခဲ့ကြပါသည်။ မော်ကွန်းတိုက်တွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံး ဌာနအသီးသီးမှ ထုတ်ပြန်သည့် ရုံးအမိန့်များ၊ ညွှန်ကြားလွှာများ၊ အပတ်စဉ် အစည်းအဝေးမှတ်တမ်းများ၊ ပွဲတော်ဆိုင်ရာ လုပ်ငန်းစီမံချက်များနှင့် အစီရင်ခံစာများ၊ ကတ်ဆက်ခွေများ၊ ဓါတ်ပုံ (မှန်ဘောင်၊ ဘောင်ပါ၊ ရိုးရိုး(ကြီး၊ လတ်၊ PP- Board များ)၊ Album များ၊ Video၊ DVD၊ CD တို့ သိမ်းဆည်းထားပါသည်။ မော်ကွန်းတိုက်သည် အများပြည်သူတို့ကို ပြသရန် မဟုတ်ဘဲ သမိုင်းဝင် စာရွက်စာတမ်း အထောက်အထားများကို မပျက်စီးစေရန် မှတ်တမ်းမှတ်ရာ ရှိစေခြင်းငှာ လိုအပ်သလို မှီငြမ်းနိုင်စေခြင်းအလို့ငှာ စနစ်တကျ မပျက်စီးအောင် ထိန်းသိမ်းစုဆောင်း ထားရှိခြင်း ဖြစ်ပါသည်။
မော်ကွန်းတိုက်တွင် ထိန်းသိမ်းထားသော ဖိုင်၊ စာအုပ်များကို ယခုလက်ရှိ ထိန်းသိမ်းမှု (အုပ်စုခွဲ) ပုံစံကို အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနမှ ဒေါ်လှကြည်၊ ဦးစီးအရာရှိ မော်ကွန်းအဖွဲ့က ၂၅.၆.၁၉၉၁ မှ ၁၀.၇.၁၉၉၂ ထိ ဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်း အုပ်စု (၅)စုမှာ
( ၁ ) စီမံခန့်ခွဲရေးမော်ကွန်းများ ၁ မှ ၁၅ (၁၈၈၄ မှ ၁၉၈၈ ထိ)
( ၂ ) ဘဏ္ဍာရေးမော်ကွန်းများ ၁ မှ ၃ (၁၉၄၅ မှ ၁၉၈၈ ထိ)
( ၃ ) လုပ်ငန်းနှင့် သက်ဆိုင်သော မော်ကွန်းများ ၁ မှ ၇ (၁၉၂၃ မှ ၁၉၈၈ ထိ)
( ၄ ) ဆက်သွယ်ရေး၊ ပြန်ကြားရေးနှင့် သက်ဆိုင်သော မော်ကွန်းများ ၁ မှ ၇ (၁၉၅၉ မှ ၁၉၈၈ထိ)
( ၅ ) အခြားဌာနများနှင့် ဆက်သွယ်သော မော်ကွန်းများ ၁ မှ ၂ (၁၈၉၃ မှ ၁၉၈၈ ထိ) တို့ ဖြစ်ပါသည်။ ထိုအုပ်စုများအတိုင်း ဆက်လက်ဆောင်ရွက် သိမ်းဆည်းပါသည်။