Notable Events

Notable Events

ရွှေတိဂုံစေတီတော် သမိုင်းတလျှောက်ထူးခြားဖြစ်စဉ်များ

ခေတ်အဆက်ဆက် ထီးတော်တင်လှူခြင်းနှင့် ပြုပြင်မွမ်းမံခြင်းများ
စေတီတော်၏သမိုင်းအရ ခရစ်သက္ကရာဇ် ၁၃၇၂ ခုနှစ်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဟံသာဝတီဘုရင် ဗညားဦးပြင်ဆင်ခဲ့သဖြင့် ထီးတော်နှင့်စိန်ဖူးတော်ကိုလည်း တင်လှူခဲ့မည် ဖြစ်ပါ
သည်။
၁။ ခရစ်သက္ကရာဇ် ၁၄၃၆ ခုနှစ်တွင် မြေငလျင်ဘေးဒဏ်ကြောင့် ခေါင်းလောင်းအထိ ပြိုကျ ပျက်စီးသွားသည့် စေတီတော်ကို ဗညားရန်၊ ဗညားဗရူး၊ ဗညားကင်းဒေါ၊ ရှင်စောပုတို့ ဦးဆောင်၍ လုပ်သားပြည်သူတို့က အဆက်ဆက် ပြုပြင်ခဲ့ပြန်သဖြင့် ထီးတော်နှင့်စိန်ဖူးတော်ကို တင်လှူခဲ့ပါ သည်။
၂။ ခရစ်သက္ကရာဇ် ၁၄၉၄ ခုနှစ်တွင် လေပြင်းမိုးပြင်းကျသဖြင့် ထီးတော်အနောက်မြောက်ဘက် တစ်တိုင်ခန့်အကွာသို့ ပြိုကျမြေခခဲ့ရာ ဗညားရန်စည်မင်းက ထီးတော်ကို ကောက်ယူပြီး ထီးတော်သစ် ပြင်ဆင်ပြီး ပွဲလမ်းသဘင်ပြုသည်။
၃။ သက္ကရာဇ် ၁၅၄၂ ခုနှစ်တွင် မင်းတရားရွှေထီးသည် ဒဂုံသို့ကြွရောက်၍ ဆံတော်ရှင်စေတီမြတ် အား မကိုဋ်တင်လှူသည်။
၄။ သက္ကရာဇ် ၁၅၆၄ ခုနှစ်တွင် မြေငလျင်ဒဏ်ကြောင့် စေတီတော်မြတ်ကြီး ပြိုကွဲပျက်စီးပြန် သဖြင့် ၁၅၇၂ ခုနှစ်က ဘုရင့်နောင်က အပျက်အစီးများကို ပြင်ဆင်ပြီး ထီးတော်နှင့်မကိုဋ် တင်လှူ သည့် သဘင်ပွဲခံခဲ့ပါသည်။
၅။ ၁၆၀၈ ခုနှစ်တွင် မြေငလျင်ဘေးဒဏ်ကြောင့် စေတီတော်ပျက်စီးပြန်ရာ အပျက်အစီးများကို ပြုပြင်မွမ်းမံရန် ၁၆၁၀ ခုနှစ်၊ ဇူလိုင်လတွင် အင်္ဂဗုတ်ဆရာတော်နှင့် လစေးဆရာတော်တို့ ကြီးမှူး၍ ပထမဆုံးပြည်သူများ စုပေါင်း၍ ထီးတော်တင်လှူခဲ့ပါသည်။
၆။ ၁၆၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် အနောက်ဖက်လွန်မင်းတရားကြီးလက်ထက် ထီးတော်သစ်တင်ပြန်သည်။
၇။ ထိုမင်းလက်ထက် ၁၆၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် မြေငလျင်လှုပ်၍ စေတီတော်အထက်ပိုင်း ပြိုကျပျက်စီးသည်သာမက မဟာရံတံတိုင်းများလည်း ပြိုကျသဖြင့် ပြိုကျပျက်စီးသည်များကို ပြုပြင် ပြီးနောက် ၁၆၂၂ ခုနှစ်၊ မတ်လတွင် ထီးတော်သစ်တင်ပြန်သည်။
၈။ ၁၆၄၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် မြေငလျင်လှုပ်၍ ပြိုပျက်ရာ သာလွန်မင်းတရား ကြီးက ထီးတော်ဟောင်းကို ပြုပြင်ပြီး ပြန်တင်သည်။
၉။ ၁၆၅၂ ခုနှစ်၊ မေလ (၆) ရက်နေ့တွင် ငလျင်ဒဏ်ကြောင့် ပြိုသည်ကို ပင်းတလဲမင်း ထီးတော် ပြန်တင်သည်။
၁၀။ ၁၆၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ပြည်မင်းလက်ထက် ငလျင်လှုပ်၍ ထီးတော်ဘုံသုံးဆင့် လွင့်စဉ် မြေခခဲ့သဖြင့် ထီးတော်ဟောင်းကို အင်းဝသို့ပင့်ဆောင် ပြုပြင်ပြီးနောက် ၁၆၆၃ ခုနှစ်၊ စက်တင်ဘာလ တွင် ထီးတော်ပြန်တင်သည်။
၁၁။ ၁၆၆၄ ခုနှစ်၊ ဒီဇင်ဘာလတွင် မြေငလျင်လှုပ်ပြန်၍ စိန်ဖူးနှင့်တကွ ထီးတော်အနောက်မြောက် ထောင့်သို့ ကျသည်သာမက ငှက်ပျောဖူးနှင့် ခေါင်းလောင်းပုံပြိုသည်။ စေတီတော်ကိုပြုပြင်ပြီး ၁၆၆၇ ခုနှစ် ဖေဖော်ဝါရီလတွင် ထီးတော်သစ်တင်သည်။
၁၂။ ၁၆၇၉ ခုနှစ်၊ ဩဂုတ်လ၊ နိုဝင်ဘာလအတွင်း ငလျင်အကြိမ်ကြိမ် လှုပ်သောကြောင့် စေတီ တော်ကြီး ပြိုကျသည်ကို အများဝိုင်းဝန်းပြုပြင်သည်ဟု မှတ်တမ်းတွင် ဖော်ပြထားပြီး ထီးတော်နှင့် ပတ်သက်၍ ဖော်ပြထားခြင်း မတွေ့ရသော်လည်း ထီးတော်ကို တင်လှူကြမည်ဟု ယူဆရမည် ဖြစ်ပါ သည်။
၁၃။ ၁၇၆၈ ခု ဇွန်လ (၁၃) ရက်နေ့တွင် မြေငလျင်လှုပ်၍ စေတီတော်သပိတ်မှောက်အထက်ပိုင်း ပျက်ယွင်းသည်။ စေတီပစ္စယာပန်းတင်လည်း ပျက်စီးသဖြင့် ဆင်ဖြူရှင်မင်းတရားက ထီးတော်အသစ် ပြုလုပ်၍ ရွှေကိုယ်လေးချိန် မျက်ပါးခတ်စေသည်။ အပျက်အစီးများ ပြုပြင်ရာ၌ ခြောက်နှစ်ကျော်မျှ ကြာညောင်းခဲ့ပါသည်။
၁၄။ ၁၇၇၅ ခု၊ မတ်လ (၁၅) ရက်နေ့တွင် အမြင့် ၃၈ ပေ၊ ၆ လက်မရှိသော ဘုံခုနှစ်ဆင့် ထီးတော် သစ်ကို တပေါင်းလပြည့်နေ့တွင် စေတီတော်မြောက်အရပ်မှ စက်ယန္တရားဖြင့်တင်သည်။
၁၅။ ၁၇၇၅ ခုနှစ်၊ မတ်လ (၁၆) ရက် နောက်ပိုင်းမှစ၍ ထီးတော်နှင့်ပတ်သက်သော အချက် အလက်များ မှတ်သားထားသည်ကို သမိုင်းစာအုပ်တွင် မတွေ့ရသော်လည်း ၁၈၅၅ ခုနှစ်တွင် (၁၈၅၂) ခုနှစ် စစ်ဒဏ်ကြောင့်ပျက်စီးခဲ့ရသော အပျက်အစီးများကို ဦးထော်လေးက အင်္ဂလိပ်အစိုးရ၏ ခွင့်ပြု ချက်ဖြင့် ပြုပြင်ခြင်းအကြောင်းများ ဖော်ပြထားပါသည်။
၁၆။ ၁၇၇၅ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ဆင်ဖြူရှင်မင်းတရားတင်လှူခဲ့သော ထီးတော်၏ သက်တမ်းမှာ (၉၅) နှစ်ကျော်ပြီဖြစ်ရာ ထီးတော်သစ်တင်ရန် လိုအပ်လာပေသည်။ ထို့ကြောင့် ၁၈၆၉ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ဂေါပကအဖွဲ့အစည်းအဝေး၌ ထီးတော်သစ်တင်ရန် ပြည်သူ့အား မျှနှင့်မဖြစ်နိုင်၍ မန္တလေးမှ မင်းတုန်းမင်းကို ဆောင်ရွက်ပါရန်လျှောက်ထားရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ယင်းဆုံးဖြတ်ချက်နှင့်အညီ မင်းတုန်းမင်းထံ လျှောက်ထားရာ မင်းတုန်းမင်းတရားကြီးက ထီးတော် သစ်တင်စေရန် ထိုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် ညီလာခံ၌ အမိန့်ချမှတ်သည်။
၁၇။ ၁၈၇၁ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် မင်းတုန်းမင်း၏ ထီးတော်တင်ရန် အမိန့်ချမှတ် ခြင်းကို စေတီတော်ရင်ပြင် သာယာဝတီမင်းခေါင်းလောင်းအနီးမှ မှတ်လွှာဖတ်ပွဲ ပြုလုပ်သည်။
၁၈။ ၁၈၇၁ ခုနှစ်၊ မေလ (၇) ရက်နေ့တွင် ထီးတော် မန္တလေးတွင် ပြုလုပ်ရန်အတွက် အလှူပါဝင် ရန် ရန်ကုန်မှ ငွေများ၊ ပစ္စည်းများပို့သည်။
၁၉။ ထီးတော်သစ်ကို ရေနန်းစကြာသင်္ဘောဖြင့် သယ်ဆောင်လာရာ ၁၈၇၁ ခုနှစ် အောက်တိုဘာ လ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့သို့ရောက်ရှိပြီး အောက်တိုဘာလ (၂၆) ရက်နေ့တွင် ပုပ္ပါးဝန်ထောက် မဟာမင်းကျော်မင်းထင်က အခမ်းအနားဖြင့် အင်္ဂလိပ်မဟာမင်းကြီးကို ထီးတော်ပေးအပ်သည်။
၂၀။ ၁၈၇၁ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့တွင် ထီးတော်ဟောင်းကို တစ်ပိုင်းစီချရာ (၁၈) ရက် နေ့တွင် ပြီးသည်။
၂၁။ ၁၈၇၁ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ထီးတော်သစ်ကို စတင်သော်လည်း စက်ပျက် သဖြင့် မအောင်ခဲ့ချေ။ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ထီးတော်သစ် ပထမဘုံကိုတင်၍ပြီး သည်။
၂၂။ ၁၈၇၁ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့တွင် ထီးတော်သစ်နှင့်တကွ စိန်ဖူး၊ ငှက်မြတ်နားတင်၍ ပြီးမြောက်အောင်မြင်သည်။
၂၃။ ၁၈၈၈ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် မြေငလျင်လှုပ်ရာ ငှက်မြတ်နားနှင့် စိန်ဖူး တော် အောက်သို့ကျသည်။
၂၄။ ၁၈၈၉ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့တွင် ယမန်နှစ်ကပြုတ်ကျသော စိန်ဖူးနှင့် ငှက်မြတ်နားကို ပြင်ဆင်ပြီးနောက် တပေါင်းလပွဲတော်တွင် ပြန်၍တင်လှူသည်။
၂၅။ ၁၉၁၉ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့တွင် ငလျင်လှုပ်၍ ငှက်မြတ်နားတိုင်ယိုင်သည်။
၂၆။ ၁၉၂၁ ခုနှစ်၊ မတ်လ (၁၆) (၂၃) ရက်နေ့တွင် ငလျင်လှုပ်မှုကြောင့် ပျက်စီးသွားသော ငှက်မြတ်နားကို ပြုပြင်ပြီး အသစ်တင်လှူပွဲ ပြုလုပ်သည်။ (ဆရာလင်းမော်ကွန်း)
၂၇။ ၁၉၃၀ ပြည့်နှစ်၊ မေလ (၅) ရက်နေ့၊ ငလျင်ကြီးလှုပ်၍ ငှက်မြတ်နားတိုင်ကျိုးကျပြီး စိန်ဖူး တော် တွဲလွဲကျသည်။ ၁၉၃၁ ခုနှစ်၊ မတ်လ (၆) ရက်နေ့တွင် မီးအကြီးအကျယ်လောင်၍ အဖိုးတန် လက်ရာများနှင့် တန်ဆောင်း (၂၀) ကျော် မီးလောင်ပျက်စီးပြီး ကျပ်သိန်း (၂၀) ဖိုးခန့် ဆုံးရှုံးခဲ့ပါသည်။
၂၈။ ၁၉၃၁ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့ ငလျင်ကြောင့် ပျက်စီးသွားသော စိန်ဖူးတော်ကို ပြုပြင်ပြီး၍ ပြန်လည်တင်လှူသည်။ (လယ်တီပဏ္ဍိတဦးမောင်ကြီးဩဘာရတု)
၂၉။ ၁၉၇၀ ပြည့်နှစ်၊ စက်တင်ဘာလ (၅) ရက် (၆) ရက်နေ့များတွင် ငလျင်များလှုပ်သဖြင့် ပိန္နဲတိုင် စောင်း၍ ဆည်းလည်းအချို့ ပြုတ်ကျသည်။
အထက်ပါအချက်အလက်များသည် မြတ်ဘုရားရွှေတိဂုံစာအုပ်ပါ ထီးတော်နှင့်ပတ်သက်သည့် သမိုင်းအကျဉ်းချုပ်ဖြစ်ပါသည်။
အနောက်ဘက်စောင်းတန်းမှစ၍ မီးစွဲလောင်ခြင်း
သက္ကရာဇ် ၁၂၀၃ ခုနှစ်တွင် သာယာဝတီမင်းနှင့် အနောက်ဘက်နန်း မိဖုရားမမြလေးတို့ ဆောက်လုပ်လှူဒါန်းခဲ့သော အနောက်ဘက် စောင်းတန်းတော်ကြီး၏ အမိုးများကို သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် အင်္ဂလိပ်စစ်တပ်က ဖျက်သိမ်းဖယ်ရှားပေးခဲ့ပါသည်။ အများပြည်သူတို့ကို ရွှေတိဂုံစေတီတော်ကြီးအား ဖူးမြော်ခွင့် ပြုထားသော်လည်း ကုန်းတော်အနောက်ဘက်ခြမ်းကို အင်္ဂလိပ်စစ်တပ်မှ ပိတ်ဆို့ထားခဲ့ရာ ၁၂၉၁ ခုနှစ်အထိ (၈၇)နှစ်ကြာမြင့်ခဲ့ပါသည်။ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်လူကြီးများ ကြိုးပမ်းမှုကြောင့် ခရစ်နှစ် ၁၉၂၉ ခုနှစ်၊ သက္ကရာဇ် ၁၂၉၁ ခုနှစ်၊ တပေါင်းလဆန်း (၄) ရက်နေ့တွင် အင်္ဂလိပ်တို့က အနောက်ဘက်မုခ်ကို ပြန်လည်လွှဲပြောင်း ပေးခဲ့သဖြင့် ဖွင့်ပွဲ အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားကျင်းပစဉ်က ဆောက်လုပ်ခဲ့သော မဏ္ဍပ်များစွာအနက် အမှိုက်ပုံမှတဆင့် ဦးနာဂိန္ဒ မဏ္ဍပ်ကြီးကို ၁၂၉၂ ခုနှစ်၊ တပေါင်းလဆုတ် (၃) ရက်နေ့၊ ညနေ (၃) နာရီတွင် မီးစွဲလောင်ခဲ့ရာမှ အစပြုလျက် အနောက်ဘက်စောင်းတန်းကြီး ရွှေတိဂုံ ငြမ်းစေတီကြီး အပါအဝင် ရင်ပြင်တော်နှင့် အရှေ့ဘက်စောင်းတန်းမှ ဇရပ်တန်ဆောင်းပေါင်း (၂၃) ဆောင်နှင့် တံခွန်တိုင်များ မီးလောင်ဆုံးရှုံးခဲ့ရပါသည်။ မီးလောင် ပျက်စီးသွားသော တန်ဆောင်းများအနက် အနောက်ဘက်စောင်းတန်းတော်ကြီးအား ဂေါပကအဖွဲ့က ဦးဆောင်ကြပ်မတ်၍ သီးခြားဒီဇိုင်းရေးဆွဲလျက် အသစ်ပြန်လည်တည်ဆောက်ပါသည်။ ရင်ပြင်တော် မုခ်ဦးဆောင်ကို သိမ်ကြီးစျေးမှ စျေးသည်မိသားစုက တစ်ဦးလျှင် နှစ်ပြားနှုန်း ကောက်ခံစုဆောင်း၍ စုပေါင်းလှူဒါန်းပါသည်။ ပြာသာဒ်ဆောင်ကြီး (၅) ခု၊ အခန်းပေါင်း (၃၄) ခန်းကို သီးခြား အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေဖြင့် တည်ဆောက်ပါသည်။ အခြားသောအရှေ့ဘက်စောင်းတန်း၊ ဇရပ်၊ တန်ဆောင်း များအား သီးခြားအလှူရှင်များ၊ မှုလအလှူရှင်များက အသီးသီးပြန်လည်ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။
ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ရွှေတိဂုံစေတီတော်ကြီးသာမက အရံစေတီများ၊ အရံသာသနိက အဆောက်အဦများ ပျက်စီးယိုယွင်းသည့်အခါတိုင်း မင်းနှင့်ပြည်သူတို့ သဒ္ဓါတရားထက်သန်စွာဖြင့် မဆုတ်မနစ်သောဇွဲဖြင့် ဗုဒ္ဓသာသနာတော် ဆက်လက်တည်တံ့ ပြန်ပွားစေရန် ဗုဒ္ဓအလင်းရောင်ဖြစ်သော ရွှေတိဂုံစေတီတော်ကြီး မှေးမှိန်ပျောက်ကွယ်ခြင်းမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ပုံများအား သမိုင်း အထောက်အထားများအရ ဖော်ပြအပ်ပါသည်။
ကိုယ်လုံးတော်ကြံ့ခိုင်ရေး
ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသားတောင်ထွတ်ကြီးပမာ အစဉ်အမြဲတင့်တယ်စွာ ဖူးတွေ့ ပူဇော်နိုင်ရန် (၅) နှစ်တစ်ကြိမ် ပုံမှန် ရွှေသင်္ကန်းတော်ကပ်လှူသောစနစ်မှာ လွန်ခဲ့သောနှစ်ပေါင်း (၄၀)ခန့်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ ရှေးယခင်က တစ်ခါတစ်ရံ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပြီး၊ တစ်ခါတစ်ရံ ကိုယ်လုံးတော် တစ်ဝက်ခန့်သာ ရွှေသင်္ကန်းကပ်လှူနိုင်ပါသည်။ တစ်ခါတစ်ရံတွင် လုံးတော်ပြည့် ရွှေသင်္ကန်း ကို (၂)နှစ်ခွဲ၍ ကပ်လှူရခြင်းလည်း ရှိပါသည်။ ရွှေသင်္ကန်းတော်ကပ်လှူခြင်းသည် ကိုယ်လုံးတော်ကြံ့ခိုင်မှု အတွက် သာမန်စစ်ဆေးသည့်သဘောလည်းဖြစ်စေပါသည်။ ရွှေမျက်ပါးသင်္ကန်းကပ်လှူရာ၌ကိုယ်လုံးတော်ရှိ ရွှေချမည့်ဧရိယာအား သစ်စေးသရိုး သုတ်လိမ်းရပါသည်။ တစ်နည်းအားဖြင့် သစ်စေးသရိုး အလွှာတစ်ခုဖြင့် ကာကွယ်ရာရောက်ပါသည်။ ရွှေပြားသင်္ကန်းကပ်ခြင်းသည် ကိုယ်လုံးတော် ကြံ့ခိုင်မှုအတွက် (၁၂) လက်မ ပတ်လည်အရွယ် ကြေးဘောင်ဖရိန်ဖြင့် ရစ်ပတ်ချုပ်နှောင်ထားသကဲ့သို့ ဖြစ်စေပါသည်။ ထိုကြေးဘောင်ပေါ်၌ ကြေးပြားကပ်ခြင်းသည် ကိုယ်လုံးတော်အား ကြေးပြားဖြင့် ကာကွယ်ခြင်း ဖြစ်စေပါသည်။ သက္ကရာဇ် ၁၂၆၀ ခုနှစ်၊ (၁၈၉၈)မှစတင်ကာ ရွှေတိဂုံစေတီတော်ကြီး၏အထက်ပိုင်း ငှက်ပျောဖူးတော်မှ အောက်ပိုင်းသို့ တဖြည်းဖြည်းတိုး၍ ရွှေပြားသင်္ကန်းတော်များကပ်လှူခဲ့ရာ ၁၉၈၀ခုနှစ်တွင် သပိတ်မှောက် ခေါင်းလောင်းကြီး ၏ အလယ်ရင်စည်းတော်အထိ ရောက်ရှိခဲ့ပါသည်။ ရွှေပြားသင်္ကန်းတော်မကပ်မီ ကြိုတင်၍ (၁၂)လက်မ ပတ်လည်အရွယ် ကြေးဘောင်ဖရိန် ပြုလုပ်ပြီး (၁၂) လက်မပတ်လည် ကြေးပြားကပ်ရပါသည်။ ကြေးဘောင် ဖရိန်ပြုလုပ်သည့်အခါ အောက်ခံအင်္ဂတေပလာစတာ (မိုတာ)ကို တောင့်တင်းခိုင်မာအောင် ပြင်ဆင်ရပါ သည်။ ကြေးဘောင် ဖရိန်ခွေပြီးသောအခါ ကြေးဘောင်ဖရိန် မျက်နှာပြင်ညီရန် အင်္ဂတေပလာစတာ (မိုတာ) ဖြည့်သိပ်ရပါသည်။ ဤသို့ဖြင့် ကြေးဘောင်ကြေးပြား ကပ်ပြီးသောနေရာသည် မူလအင်္ဂတေမျက်နှာပြင်ထက် ပိုမို ကြံ့ခိုင်တောင့်တင်း သွားပါသည်။ ရွှေတိဂုံစေတီတော် သမိုင်းတစ်လျှောက်တွင် မြေငလျင်ဒဏ်ကြောင့် ပြိုပျက်ခြင်း၊ အသစ်ပြန်လည် တည်ခြင်းများရှိသကဲ့သို့ အပိုင်းလိုက်ပဲ့ကျခြင်း၊ ကွာကျခြင်းများလည်း ရှိခဲ့ပါသည်။ ထို့ပြင် ကွဲအက်ခြင်းများလည်း ရှိခဲ့ပါသည်။ ၁၉၇၀ ခုနှစ်တွင် မြေငလျင်ဒဏ်ကြောင့် ရွှေတိဂုံစေတီတော်၏ ပန်းလည်တိုင် တိမ်းစောင်းခဲ့သည်ကို အခြေပြုလျက် ထီးတော် ကြံ့ခိုင်မှု စစ်ဆေးခြင်း၊ ပန်းလည်တိုင်အား ပြန်လည်တည့်မတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ၁၉၇၃ ခုနှစ်တွင် ကိုယ်လုံးတော်ကြီး၏ ရှစ်မြှောင့်ပစ္စယာ စနေထောင့်တွင် ပေါက်ရောက်နေသော မြက်ဖုတ်ကြီးအောက်တွင် ကွဲအက်နေသော အက်ကြောင်းကြီး တစ်ခုတွေ့ရှိရပါသည်။ ထိုအက်ကြောင်းကြီး သည် အကျယ် (၁၀) လက်မခန့်ရှိပြီး အနက် (၁၈) ပေခန့် အထိရှိကြောင်း တွေ့ရပါသည်။ ထိုအက်ကြောင်းကို အခြေခံ၍ ကိုယ်လုံးတော်အနှံ့အပြား၌ အထူးပြုလုပ်ထားသော ကျောက်တောင်များအား ထွင်းဖောက်ရာ၌သုံးသည့် လွန်ပူကြီးများဖြင့် ဖောက်၍ ဘိလပ်မြေအိတ်ပေါင်း (၄၀၀၀) ကျော် အရည်ဖျော်ကာ ဖြည့်သိပ်ပြီး ကိုယ်လုံးတော်ကြီး ကြံ့ခိုင်အောင် ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ရှစ်မြှောင့်ပစ္စယာရှိ နတ်ကြည့်ဧရိယာ အားလုံးတွင် (၂) လက်မကွက်သံဇကာ ထည့်သွင်းမြှုပ်နှံပြီး သံကူကွန်ကရစ် လောင်းကာ ခိုင်မာတောင့်တင်း အောင် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ် ရွှေထီးတော်သစ် တင်လှူရာ၌ ထီးတော်၏ အလေးချိန် ဒဏ်ခံနိုင်ရန် ထောက်မထားသော ထီးထောက်များ အခြေပြုရာ ငှက်ပျောဖူးတော်ကြီး တစ်ခုလုံးမှ အပေါ်ယံ အင်္ဂတေများစွာ ဖယ်ထုတ်ပြီး သံချောင်းလုံးများဖြင့် စနစ်တကျ ရစ်ပတ်အားဖြည့်ပြီး သံကူကွန်ကရစ် လောင်းထားသော ငှက်ပျောဖူးကြီးဖြစ်အောင် ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် ငှက်ပျောဖူးနှင့် ကြာမှောက်၊ ကြာလှန်ဧရိယာ ဆက်စပ်မှုရှိစေရန် (၂) လက်မဗျက် ငါးမူးထုရှိသော သံချောင်းများဖြင့် အရပ်ရှစ် မျက်နှာတွင် ထည့်သွင်းမြှုပ်နှံ့ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်တွင် ရွှေထီးတော်သစ်တင်လှူခြင်းနှင့်အတူ ငှက်ပျောဖူးတော်အား သံကူကွန်ကရစ်လောင်းခြင်း၊ ကြေးဝန်းငါးခုမှ အောက်ပိုင်းပစ္စယာအားလုံး ကြေးဘောင်ကြေးပြားကပ်ခြင်း၊ ပထမပစ္စယာမှအပ ကိုယ်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၄-၂၀၀၅ ခုနှစ်တွင် (၅) နှစ်ပြည့်ပြန်သောကြောင့် ထီးတော်ကြီးကြံ့ခိုင်မှု စစ်ဆေးခြင်း၊ ရွှေပြား သင်္ကန်းတော်များ ကပ်လှူခြင်း၊ လုံးတော်ပြည့် ရွှေမျက်ပါးသင်္ကန်းတော်များ ကပ်လှူခြင်း၊ ရွှေပြားသင်္ကန်း၊ ရွှေမျက်ပါးသင်္ကန်းတို့ထက် ရေရှည်တည်တံ့ကြံ့ခိုင်နိုင်သော ရွှေစင်ပြား (Gold Coating)များ စမ်းသပ်ကပ်လှူခြင်းများ ဆောင်ရွက် ပါသည်။ ထိုအချိန်က ရွှေပြားကပ်ရာ၌ ကြာမှောက်၊ ကြာလှန်ဧရိယာသည် ကြံ့ခိုင်မှုနည်းနေကြောင်း တွေ့ရှိ သဖြင့် နောင်ငြမ်းထိုးသည့်အချိန်၌ ကြာမှောက်၊ ကြာလှန်ဧရိယာအား ကြံ့ခိုင်မှုဆောင်ရွက် သင့်ကြောင်း အစီရင်ခံစာများ ရေးသားထားခဲ့ပါသည်။ ၂၀၀၄-၂၀၀၅ ခုနှစ်တွင် ရွှေသင်္ကန်းတော်များ ကပ်လှူခြင်း၊ ထီးတော်ကြံ့ခိုင်မှုစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ၂၀၀၉-၂၀၁၀ ခုနှစ်တွင် (၅)နှစ်ပြည့် မြောက်၍ ရွှေသင်္ကန်း ကပ်ရန် အချိန်ကျရောက်ပါသည်။ သို့ရာတွင် ၂၀၀၈ ခုနှစ်၊ မေလ (၂)၊ (၃) ရက်များ၌ နာဂစ်အမည်ရှိ မုန်တိုင်း တိုက်ခတ်သောကြောင့် ရွှေတိဂုံစေတီတော်တွင် ကပ်လှူထားသော ရွှေပြားသင်္ကန်းတော်များ စုတ်ပြဲ ကွာထွက်မှုများစွာရှိခဲ့ပါသည်။ ရွှေပြားများ စုတ်ပြဲနေသည်များ အမြင်မတင့်တယ်ရုံမျှမက လေလွင့် ပျောက်ဆုံးမှုများ ရှိနိုင်သောကြောင့် ၂၀၀၈-၂၀၀၉ ခုနှစ်တွင်ပင် ရွှေသင်္ကန်းတော်များ ပြန်လည်ကပ်လှူရန် ထီးတော်ကြံ့ခိုင်မှုစစ်ဆေးရန် စီစဉ်ခဲ့ကြပါသည်။ ထိုကာလ၌ နာဂစ်မုန်တိုင်းကြောင့် မြစ်ဝ ကျွန်းပေါ်ဒေသ အားလုံးရှိ စေတီတော်များတွင် ငှက်ပျောဖူးတော်များ ပြုတ်ကျပျက်စီးရသည်ကို အခြေခံ၍လည်းကောင်း၊ ၂၀၀၄-၂၀၀၅ ခုနှစ်က ရေးသားထားသော အစီရင်ခံစာကိုအခြေခံ၍လည်းကောင်း၊ စေတီတော်ကြီး၏ အင်္ဂါရပ်တော် အစိတ်အပိုင်းအားလုံးတွင် အသေး သွယ်ဆုံးဖြစ်သော ကြာမှောက်၊ ကြာလှန်ဧရိယာအား ကြံ့ခိုင်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။ ကပ်လှူထားသော ရွှေပြားသင်္ကန်းတော်များ ကြေးဘောင်များ ကြေပြားများဖျက်သိမ်း ဖယ်ရှားပြီးနောက် အထက်အောက် (Vertical) ငှက်ပျောဖူးအခြေမှ ဒုတိယဖောင်းရစ်အထိ ရွဲလုံးကြီးများအကြား၌ (၂) လက်မခွဲ အရွယ်စွန်းထင်းခံ သံမဏိပြား (Stainless Steel) များ (၁၉)နေရာ၌ ထည့်သွင်းမြှုပ်နှံပါသည်။ရေပြင်ညီ (Horizontal)အလိုက် (၁၀) နေရာတွင် (၂) လက်မခွဲ အရွယ် သံမဏိပြားကြီးများ ထည့်သွင်းမြှုပ်နှံပြီး သံမဏိခြင်းကြား ကြီးသဖွယ်ဖြစ်အောင် စီစဉ်ပါသည်။ သံမဏိပြားကြီးများ မြှုပ်နှံသောအပေါ်မှ ခေတ်မီကာဗွန်ဖိုက်ကာစနစ်ဖြင့် ပိုမိုကြံ့ခိုင်အောင် ဆောင်ရွက်ပါ သည်။
ကြာမှောက်၊ ကြာလှန်၊ ရွဲဖောင်းစသော နေရာများ၌ စတီးချောင်းများ ထည့်သွင်းမြှုပ်နှံကာ သံကွန်ကရစ်လောင်းပြီး အမာခံရစေ ပြီးမှ မူလလက်ရာမပျက် မြန်မာမှု ပြန်လည်ပြုလုပ်ပါသည်။ ကြာမှောက်၊ ကြာလှန် ဧရိယာအား ယာယီဖျက်သိမ်းဖယ်ရှား တူးဆွသောအခါ၌ ရှေးယခင်ကပင် ကိုယ်လုံးတော်ကြံ့ခိုင်စေရန် သံချောင်းကြီးများ စနစ်တကျ ထည့်သွင်းမြှုပ်နှံထားကြောင်း သမိုင်းမှတ်တမ်း အရ နောက်ဆုံးဖူးတွေ့ရသော ဉာဏ်တော်အမြင့် (၃၂၆) ပေ ဖြစ်အောင် တည်ထားပူဇော်သော ဆင်ဖြူရှင်မင်း လက်ထက်ကသော်လည်းကောင်း၊ ထိုကာလ နောက်ပိုင်း သမိုင်းမှတ်တမ်းမဝင်သော ပြုပြင်သူများက သော်လည်းကောင်း၊ ကိုယ်လုံးတော်အတွင်း၌ သံချောင်းများ (Mild Steel) ထည့်သွင်းမြှုပ်နှံ တည်ဆောက် ခဲ့ကြောင်း တွေ့ရပါသည်။ ကိုယ်လုံးတော်ကြံ့ခိုင်ရေးဆောင်ရွက်မှုသည် ၁၉၉၉ ခုနှစ်တွင် ငှက်ပျောဖူးတော် အားလည်းကောင်း၊ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် ကြာမှောက်၊ ကြာလှန်ဧရိယာနှင့် ဒုတိယဖောင်းရစ်အထိ လည်းကောင်း စနစ်တကျ သံကူကွန်ကရစ် ဖြင့် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
နာဂစ်မုန်တိုင်းတိုက်ခတ်ခြင်း

၂-၅-၂၀၀၈ ခုနှစ် ည (၁၁) နာရီခန့်တွင် စတင်တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်း၏ အရှိန်မှာ ၃-၅-၂၀၀၈ ခုနှစ် နံနက် (၂) နာရီခန့်တွင် ရွှေတိဂုံစေတီတော်ရင်ပြင်အနှံ့ ပြင်းပြင်းထန်ထန် တိုက်ခတ်လာပါသည်။ တစ်နာရီမိုင် (၇၀) နှုန်းခန့်ဖြင့် စတင်တိုက်ခတ်လာသော မုန်တိုင်း ကြီးမှာ မိုင် (၁၂၀) နှုန်းအထိ မြင့်တက်ခဲ့ပြီး မုန်တိုင်း၏ထုထည်ပမာဏ အချင်းဝက်မှာ မိုင် (၁၂၀)မျှ ကျယ်ဝန်းပေ၏။ ရွှေတိဂုံစေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ရာ သိင်္ဂုတ္တရကုန်းမြေသည် ပင်လယ်ရေမျက်နှာပြင် အထက်ပေ (၁၉၀) ရှိ၏။ ရန်ကုန်မြို့တွင် အမြင့်ဆုံးဖြစ်၍ လေမုန်တိုင်းဒဏ်ကို အခံရဆုံးဖြစ်ပါသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သက်တမ်းနှစ်ပေါင်း (၂၅၉၆) တွင် သဘာဝဘေးဒဏ်အမျိုးမျိုး ခံရကာ ယခုလည်း “နာဂစ်” မုန်တိုင်းဒဏ်ကို အလူးအလဲ ခံစားရပြန်ပါသည်။ မုန်တိုင်းဒဏ်ကြောင့် ကုန်းတော်တစ်ခုလုံး အပျက်အစီးများဖြင့် ပြည့်နှက် နေရာ ထူးခြားသည်မှာ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ချို့ယွင်းမှုမရှိဘဲ နောင်တော်ကြီးစေတီမှာ ထီးတော် အနည်းငယ် စောင်းသွားပါသည်။ မုန်တိုင်းဒဏ်ကြောင့် ရွှေတိဂုံစေတီတော်ကြီးမှ ရတနာများပြုတ်ကျ၏။ အထက်ပစ္စယံ အရံစေတီ (၆၈) ဆူ ရှိသည့် အနက် အရံစေတီ (၆) ဆူ ပျက်စီးသည်။ ပန်းအိုး၊ ပန်းခိုင် (၄၄) ခု အနက် (၂၉) ခု ပျက်စီးသည်။ မြေစိုက်စေတီ (၄၉)ဆူအနက် (၂၅) ဆူ ပျက်စီးသည်။ ဆီမီးခုံ အရံစေတီ (၈၈) ဆူ အနက် (၈၀) ဆူ ပျက်စီးသည်။ အုတ်ဂူပြာသာဒ်စေတီ (၁၃၀)အနက် (၉၉)ဆူ ပျက်စီးပါသည်။ ရွှေတိဂုံစေတီတော်‌ပေါ်မှ ရတနာပစ္စည်း (၂၃)မျိုး ပြုတ်ကျပါသည်။ ရင်ပြင်တော်ပေါ်နှင့် စောင်းတန်း လေးသွယ်မှာလည်း မုခ်ဦးတန်ဆောင်းအပါအဝင် (၄၃) လုံး ပျက်စီးသွားပါသည်။ ထို့ပြင် အလယ်ပစ္စယံ၊ အောက်ပစ္စယံ တစ်လျှောက်တွင်ရှိသော အုန်းပင်၊ ထန်းပင် နှင့် အခြား သီးနှံပင်များစွာ ပြိုလဲကုန်ပါသည်။ ပျက်စီးမှုများတွင် ဘုရားစေတီများမပါ၊ တောင်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက် အာရုံခံ တန်ဆောင်းတို့မှာ အပျက်အစီးဆုံးဖြစ်ပြီး အာရုံခံတန်ဆောင်း အနောက်ဘက်ရှိ အရံစေတီကြီးတစ်ဆူပါ ပျက်စီး သွားပါသည်။ မြောက်ဘက် အာရုံခံတန်ဆောင်းလည်း ပျက်စီးသွားပြီး ထန်းပင်နှစ်ပင်ပါ ပြိုလဲသွားပါသည်။ ရင်ပြင်တော်ပေါ်တစ်လျှောက်ရှိ ပျက်စီးသွားသောစာရင်းမှာ လုံခြုံရေးရုံးခန်း အပါအဝင် (၈၄) လုံးဖြစ် ပါသည်။

          “နာဂစ်” မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ မည်မျှရှိစေကာမူ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ပျက်စီးသွားသော တန်ဆောင်းများ၊ မုခ်ဦး အာရုံခံတန်ဆောင်းများ၊ ဂူဘုရားများ၊ အရံစေတီများနှင့် မြေစိုက် စေတီများကို ချက်ချင်းစီမံချက်ချ၍ ပြင်ဆင်ပါသည်။ တစ်ဖက်မှလည်း လေမုန်တိုင်းကြောင့် ပျက်စီးသွားသော အဆောက်အဦများအတွက် အလှူခံဌာနဖွင့်လှစ်ထားရာ ပြည်သူတို့မှ သဒ္ဒါတရားထက်သန်စွာ ထည့်ဝင် လှူဒါန်းကြပါသည်။ ရင်ပြင်တော်‌‌ပေါ်ရှိ ဘုရားများ၊ တန်ဆောင်းများ၏ မူလအလှူရှင် များထံသို့လည်း မိမိတို့ လှူဒါန်းထားသော ဘုရားများ၊ တန်ဆောင်းတော်များ ပြန်လည်လှူဒါန်းလိုပါက အချိန်မီ လှူဒါန်းနိုင်ရန် အကြောင်းကြားခဲ့ပါသည်။ မြန်မာလူမျိုးတို့၏ သဒ္ဓါတရားထက်သန်မှုနှင့် ဗုဒ္ဓဘာသာအပေါ် လေးမြတ်စွာ သက်ဝင်ယုံကြည်မှု အစဥ်အလာအတိုင်း ဗုဒ္ဓသာသနာ၏ အမွေကောင်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြသဖြင့် ယခုအခါ ရွှေတိဂုံစေတီတော်ကြီးမှာ ရွှေရောင်တဝင်းဝင်း၊ အလင်းတထိန်ထိန်ဖြင့် မြန်မာတို့၏ဂုဏ်ရှိန်ကို ဖော်ညွှန်းပြသလျက်ရှိပါသည်။