အသေးစိတ်အချက်အလက်များ


စောင်းတန်းအမည်
တောင်ဘက်စောင်းတန်း
တည်နေရာ
တောင်ဘက်မုခ်
Category
Four Walkways | Places to visit
တောင်ဘက်စောင်းတန်းကြီးကို ၁၉၉၅ ခုနှစ် ထာဝရဘက်စုံ ပြုပြင်မွမ်းမံတည်ဆောက်ခြင်း ကာလတွင် အသစ်ပြန်လည် ပြုပြင်မွမ်းမံခဲ့ပါသည်။ စောင်းတန်းအဟောင်းကြီးအား ဖျက်သိမ်းရာတွင် စောင်းတန်းအဝင် အုတ်ပြာသာဒ်မုခ်ဦးကြီးနှင့် ဘီလူးရုပ် ၂ ရုပ်သည် ၁၈၄၂ ခုနှစ်တွင် ရွှေဘိုမင်း(ခေါ်) သာယာဝတီမင်း လှူဒါန်းထားခဲ့ကြောင်း သမိုင်းအထောက်အထားများ တွေ့ရှိသောကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် ဖျက်သိမ်းခြင်းမပြုဘဲ ခေတ်သစ်ဆောက်လုပ်မှု နည်းပညာများဖြင့် ခိုင်ခံ့အောင် ပြုပြင်မွမ်းမံခဲ့သည်ကို ယနေ့တိုင် တွေ့မြင်နိုင်သည်။ ထို့အပြင် ၁၈၄၂ ခုနှစ် နောက်ပိုင်းတွင် အုတ်ပြာသာဒ်ကြီးရှေ့၌ တည်ဆောက်ခဲ့သော ဣစ္ဆာသယဂူဘုရား ၂ ဆူ၊ ၁၈၈၇ ခုနှစ်တွင် ပုဇွန်တောင်မှ ပွဲစားကြီးတစ်ဦးလှူဒါန်းထားသည့် မုခ်ဦးခြင်္သေ့ရုပ် ၂ရုပ်နှင့် ကုသိုလ်ရှင် အမည်ရေးထိုးထားခြင်း မရှိသော စောင်းတန်းတော်ကြီးအတွင်းရှိ မိချောင်းရုပ် ၂ ရုပ်ကို ဆက်လက်ထိန်းသိမ်းထားခဲ့ပါသည်။
၁၉၉၅ ခုနှစ် ပြုပြင်မွမ်းမံရာတွင် မြန်မာမှု ရှေးဟောင်းလက်ရာများအကြားတွင် ကိုလိုနီခေတ် လက်ရာများဖြစ်သည့် လူပျံတော်ရုပ်များ၊ ခြူးခြင်္သေ့ရုပ်များ၊ စောင်းတန်းတော်ကြီး၏ ရှေ့ဆုံးဘုံပြာဿဒ် အထက်၌ ဗြိတိသျှ ဘုရင်မကြီး၏ သရဖူတံဆိပ် အစရှိသော အရုပ်များကို ဖယ်ရှားခဲ့ပြီး မြန်မာ့ယဉ်ကျေးမှု အနုပညာ ပန်းပု လက်ရာများဖြင့် အစားထိုး ပြင်ဆင်ခဲ့ပါသည်။ တောင်ဘက်စောင်းတန်းတော်ကြီးကို အသစ်ပြန်လည် ဆောက်လုပ်သည့်အခါ မြန်မာ့အနုပညာ လက်ရာစစ်စစ်ဖြင့်သာ တန်ဆာဆင်လျက် ဆောက်လုပ်ထားပြီး စောင်းတန်းထိပ်တွင် မြန်မာမှုသစ်သားပန်းပု ရုပ်လုံး ရုပ်ကြွများဖြင့် တည်ဆောက်ထားသော ဘုံကိုးဆင့် ပြာဿဒ်ဆောင်တစ်ဆောင်၊ အလယ်တွင် မြန်မာမှုသွပ်ပန်း များဖြင့် တည်ဆောက်ထားသော ဘုံသုံးဆင့် သုံးဆောင်တွဲ သုံးဆောင်၊ ဘုံခုနှစ်ဆင့် သုံးဆောင်၊ စံပါယ်ထပ် ဆောင်များနှင့် ရင်ပြင်တော်ထိပ်တွင် မြန်မာမှုသစ်သားပန်းများဖြင့် တည်ဆောက်ထားသော ၅ ဘုံဆင့် ရင်ပြင် ဦးဆောင်နှင့် အရံဘုံဆောင် ၂ ဆောင်တို့ကို တွေ့မြင်နိုင်ပါသည်။ တောင်ဘက်စောင်းတန်းတော်ကြီး၏ မဟာရံ တံတိုင်း၊ သံပန်းတံတိုင်း၌ ဂေါပကအဖွဲ့၏တံဆိပ်တွင်ပါရှိသည့် မနုဿီဟကြေးရုပ် ၂၆ ရုပ်အား ပုံဖော်တပ်ဆင် ထားသည်။ မုခ်ဦး ဝင်ပေါက် တံခါးမကြီးထိပ် တစ်ဖက်တစ်ချက်စီတွင် မနုဿီဟသုံးရုပ်စီ ခြံရံထားသော ကျောက်မီးအိမ်၊ အမရပူရခေတ် ကနုတ်ပန်းများပါရှိသည့် အင်းဝမယ်နုအုတ်ကျောင်းမှ သရက်ကင်း လှေကား ပုံသဏ္ဍာန် စကျင်ကျောက်သားဖြူ ပန်းတမော့လက်ရာ လှေကား ၂ စင်း၊ လှေကားတိုင်ထိပ်တွင် စကျင် ကျောက်သားဖြူဖြင့် ထွင်းထုထားသည့် ပန်းတမော့ လက်ရာနတ်ရုပ်၊ လှေကားအပြင်ဘက်တွင် ကနုတ် ပန်းခိုင်ဖြင့် ပူဇော်ထားဟန် နတ်ရုပ်များ၊ အတွင်းတွင် ကနုတ်ပန်းခိုင်များ ထုလုပ်ထားပြီး သရက်ကင်း ပတ်လည်၌ စိန်တောင်များ ထုလုပ်တပ်ဆင်ထားပါသည်။ တောင်ဘက်စောင်းတန်းတစ်လျှောက်တွင် အောင်ခြင်းရှစ်ပါး ပန်းပုရုပ်ကြွ ပန်းချီကား များနှင့် မဟာဗုဒ္ဓဝင် ရုပ်ကြွပန်းချီကားများကို ရှေးမူမပျက် မွမ်းမံထားသည်။ ထို့အပြင် ပဉ္စဝဂ္ဂီငါးဦးအား တရားဦး ဟောပုံ၊ ပရိနိဗ္ဗာန်စံဝင်ပုံ၊ မင်းအဆက်ဆက် လှူဒါန်းပြုပြင်မှုများ၊ ဇာတ်ကြီးဆယ်ဘွဲ့စသည့် ပန်းချီကား ချပ်များကို တွေ့မြင်နိုင်ပါသည်။ တောင်ဘက် စောင်းတန်းတစ်လျှောက် ဝဲ/ယာဘက်တွင် နိဗ္ဗာန်ကုန်ဆိုင်များ၊ ပန်းဆိုင်များ ရှိသည်။ တောင်ဘက် စောင်းတန်း အနောက်ဘက်ခြမ်း အပြင်ဘက်တန်းတွင် ပိဋကတ်စာအုပ်ဆိုင်ခန်းများရှိသည်၊ ၎င်းစာအုပ်ဆိုင် များတွင် ပိဋကတ်သုံးပုံ၊ ဘုရားသမိုင်းစသည့် ဗုဒ္ဓစာပေများကို စုံလင်စွာ ဝယ်ယူဖတ်ရှုနိုင်ပါသည်။
တောင်ဘက်စောင်းတန်းတော်ကြီး အသစ်ဆောက်လုပ်ရာတွင် မြန်မာမှုအတွက် ကုန်ကျစရိတ် ငွေကျပ် ၈၁၆ သိန်း အပါဝင် စုစုပေါင်း ကျပ် ၂၄၈၃ သိန်းကုန်ကျခဲ့ပါသည်။ တောင်ဘက်စောင်းတန်းတော်ကြီး ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ၁၈-၉-၁၉၉၆ နံနက်ပိုင်းတွင် ဒေဝါဝင်း၊ ရာဇာဝင်းခင်းလျက် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည်။ တောင်ဘက် စောင်းတန်းကြီးကို ၁၉၉၅ ခုနှစ်တွင် အသစ်ပြုပြင်မွမ်းမံပြီး နှစ်ပေါင်း ၃၀ ခန့်ကြာပြီး ၂၀၂၃ ခုနှစ်သို့ ရောက်ရှိ သည့်အခါ ပျက်စီးယိုယွင်းနေသော မြန်မာမှုသစ်သား ပန်းပု ရုပ်လုံးရုပ်ကြွနှင့် ပန်းပြားများအား မူလလက်ရာမပျက် အစားထိုးလဲလှယ်ခြင်း၊ အမိုးပိုင်းအမာခံများ ပြုပြုင် မွမ်းမံခြင်း၊ ဆေးသုတ်မွမ်းမံခြင်းနှင့် Gold Steel ထီးတော်များ အသစ်လဲလှယ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
စတင်တည်ဆောက်သည့်နေ့ – ၂၀-၄-၁၉၉၅
ပြီးစီးသည့်နေ့ – ၁၆-၉-၁၉၉၇
စောင်းတန်းအရှည် – ၇၇၀.၈ ပေ
ပြာဿဒ်ဆောင်ပေါင်း – ၁၀ ဆောင်
လှေကားထစ်ပေါင်း – ၁၅၂ ထစ်
တိုင်လုံးပေါင်း – ၁၄၂ လုံး
ဆိုင်ခန်းပေါင်း – ၆၅ ခန်း
စောင်းတန်းအကျယ် – ၆၃ ပေ
တောင်ဘက်စောင်းတန်းတော်ကြီး အသစ်ဆောက်လုပ်ရာတွင် မြန်မာမှုအတွက် ကုန်ကျစရိတ် ငွေကျပ် ၈၁၆ သိန်း အပါဝင် စုစုပေါင်း ကျပ် ၂၄၈၃ သိန်းကုန်ကျခဲ့ပါသည်။ တောင်ဘက်စောင်းတန်းတော်ကြီး ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ၁၈-၉-၁၉၉၆ နံနက်ပိုင်းတွင် ဒေဝါဝင်း၊ ရာဇာဝင်းခင်းလျက် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည်။ တောင်ဘက် စောင်းတန်းကြီးကို ၁၉၉၅ ခုနှစ်တွင် အသစ်ပြုပြင်မွမ်းမံပြီး နှစ်ပေါင်း ၃၀ ခန့်ကြာပြီး ၂၀၂၃ ခုနှစ်သို့ ရောက်ရှိ သည့်အခါ ပျက်စီးယိုယွင်းနေသော မြန်မာမှုသစ်သား ပန်းပု ရုပ်လုံးရုပ်ကြွနှင့် ပန်းပြားများအား မူလလက်ရာမပျက် အစားထိုးလဲလှယ်ခြင်း၊ အမိုးပိုင်းအမာခံများ ပြုပြုင် မွမ်းမံခြင်း၊ ဆေးသုတ်မွမ်းမံခြင်းနှင့် Gold Steel ထီးတော်များ အသစ်လဲလှယ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
စတင်တည်ဆောက်သည့်နေ့ – ၂၀-၄-၁၉၉၅
ပြီးစီးသည့်နေ့ – ၁၆-၉-၁၉၉၇
စောင်းတန်းအရှည် – ၇၇၀.၈ ပေ
ပြာဿဒ်ဆောင်ပေါင်း – ၁၀ ဆောင်
လှေကားထစ်ပေါင်း – ၁၅၂ ထစ်
တိုင်လုံးပေါင်း – ၁၄၂ လုံး
ဆိုင်ခန်းပေါင်း – ၆၅ ခန်း
စောင်းတန်းအကျယ် – ၆၃ ပေ