အသေးစိတ်အချက်အလက်များ

ကျောက်စာအမည်
ဓမ္မစေတီကျောက်စာ
တည်နေရာ
မြောက်ဘက်မုခ် နောင်တော်ကြီးစေတီတော်အနီး
Category
Places to visit | Stone Pillar Inscriptions
ဓမ္မစေတီကျောက်စာကို ရာဇာဓိပတိဘွဲ့ခံ ဓမ္မစေတီမင်းကြီးက သက္ကရာဇ် ၈၄၇ (ခရစ်နှစ် ၁၄၈၅) တွင် မွန်၊ မြန်မာ၊ ပါဠိ သုံးဘာသာဖြင့် ရေးထိုးစိုက်ထူခဲ့သည်။ ကျောက်စာတွင် ဂေါတမဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူသည်မှ အစပြု၍ ဆံတော်မြတ်များကို ဌာပနာထား လျက် ရွှေတိဂုံစေတီတော် တည်ထား ပူဇော်ပုံ၊ မင်းဘုရင် အဆက်ဆက်တို့ ထိန်းသိမ်းစောင့်ရှောက်ပုံတို့ကို ဓမ္မစေတီမင်း လက်ထက်အထိ ရေးထိုး ထားသည်။ သက္ကရာဇ် ၁၂၄၁ (ခရစ်နှစ် ၁၈၈၀)တွင် တမ်မြုပ် ပျောက်ကွယ်နေသော ယင်းဓမ္မစေတီ ကျောက်စာကို အင်္ဂလိပ်အစိုးရ ကျောက်စာ ဝန်ကြီး မစ္စတာဖိုးချမ်းမားက ရွှေတိဂုံစေတီတော် အရှေ့ဘက် အလယ်ပစ္စယာ၌ ပြန်လည်တူးဖော် တွေ့ရှိခဲ့ပြီး စနစ်တကျ ပြန်လည်စိုက်ထူခဲ့သည်။ သက္ကရာဇ် ၁၃၄၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (၃၀-၁၁-၁၉၈၂)တွင် ယင်းဓမ္မစေတီ ကျောက်စာ ၃ ချပ်ကို ဘုရားဖူးများ လွယ်ကူစွာ လေ့လာဖတ်ရှုနိုင်စေရန် မူလတည်ရှိခဲ့သော အရှေ့ဘက် အလယ်ပစ္စယာမှ ရင်ပြင်တော် အရှေ့ မြောက် (တနင်္ဂနွေထောင့်) လက်ရှိနေရာသို့ ပြောင်းရွှေ့ပြီး ကျောက်စာတိုက် ဆောက်လုပ်ခဲ့သည်။ ဖတ်၍ရသမျှကို မွန်၊ မြန်မာ၊ အင်္ဂလိပ်ဖြင့် ပြန်လည်ရေးသား ဖော်ပြထား သည်။