ရွှေတိဂုံစေတီတော်၌ (၃၆)ကြိမ်မြောက်မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲနှင့် တန်ဆောင်မုန်းလပြည့်နေ့ မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားများကျင်းပ

Ноя 14, 2024 | 12 month seasonal festival, News

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးပြုလုပ်သည့် (၃၆)ကြိမ်မြောက်မသိုး သင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲကို ၁၃၈၆ ခု၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်(ယနေ့)ညနေပိုင်းတွင် စေတီတော်ရင်ပြင်ရာဟုထောင့်ရှိ အောင်မြေ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ညနေ ၄ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ စေတီတော်ရုံးဝန်ထမ်း များက ရင်ပြင်တော်တောင်ဘက်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းမှစ၍ စေတီတော်အားရင်ပြင်တော်တစ် ပတ်လှည့်လည်ပူဇော်ကြပြီး အောင်မြေသို့ဝင်ရောက်နေရာယူကြသည်။ ထို့နောက် ညနေ ၄ နာရီခွဲတွင် ရက်ကန်း ပြိုင်ပွဲဖွင့်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဇေယမင်္ဂလာင်္ဂလာစာတမ်းလွှာအားဖတ်ကြားပြီး ပြိုင်ပွဲကျင်းပရေးဗဟိုကော်မတီဥက္ကဌ စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အလှည့်ကျသဘာပတိ ဦးမင်းလွင်နှင့် ဂေါပကအဖွဲ့ဝင်ဦးညွန့်သင်းတို့နှင့်အတူ မသိုးသင်္္ကန်းရက်ကန်းပြိုင်ပွဲအား ရွှေကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက မသိုးသင်္္ကန်းယှဥ်ပြိုင်ရက်လုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။ အဆိုပါ မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲတွင် ဘာသာရေးအသင်းအဖွဲ့များက ပြိုင်ပွဲဝင်အသင်း(၉)သင်းဖြင့် ယှဉ်ပြိုင်ရက် လုပ်ကြပြီး ရရှိလာသည့်ပိတ်သားပြင်အား အထည်အလိပ်ဆိုင်ရာပညာရှင်များက စစ်ဆေးအမှတ်ပေးကာ ဆုအဆင့်ခွဲခြားသတ်မှတ်၍ တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၀၀၃၀ တွင် ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကာ ၎င်းပိတ်စများအား ဝိနည်းတော်နှင့် အညီညတွင်းချင်းချုပ်လုပ်ကြပြီး တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်မတက်မီ သတ်မှတ်ရုပ်ပွားတော်များအား ကပ်လှူကြမည်ဖြစ်သည်။ ၎င်းအပြင် မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲ အောင်ပွဲအထိမ်းအမှတ်အဖြစ် တန်ဆောင်မုန်း လပြည့်နေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းခြင်း၊ သြဝါဒါ စရိယဆရာတော်များ၊ စောင့်ရှောက်ရေးဆရာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ကထိန် သင်္ကန်းကပ်လှူခြင်း၊ အနုမောဒနာတရားနာကြားခြင်းနှင့် (၃၁)ဘုံသားတို့အား ကုသိုလ်အမျှပေးဝေသွားမည် ဖြစ်ပါသည်။ ရွှေတိဂုံစေတီတော်၏ မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲကို နှစ်စဉ်ကျင်းပခဲ့သော်လည်း ၂၀၁၉ ခုနှစ်၊ (၃၅)ကြိမ်အထိကျင်းပခဲ့ပြီးနောက်ပိုင်းတွင် ကမ္ဘာတစ်ဝန်းဖြစ်ပွားသည့် ကိုဗစ်-၁၉ ရောဂါကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ ယခု ၂၀၂၄ ခုနှစ်တွင် (၃၆)ကြိမ်မြောက်မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲအဖြစ် ပြန်လည်ကျင်းပခြင်းဖြစ်သည်။ (၃၅)ကြိမ်မြောက်တွင် ပြိုင်ပွဲဝင်အသင်းကိုးသင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုကြေးအဖြစ် ပထမဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုငွေကျပ်ကိုးသိန်းခွဲ၊ တတိယဆုငွေကျပ်ရှစ်သိန်း၊ စတုတ္ထဆုငွေကျပ်ခြောက်သိန်းခွဲနှင့် နှစ်သိမ့်ဆုတစ်သင်းလျင်ငွေကျပ်ငါးသိန်းချီးမြှင့်ခဲ့ကြောင်းနှင့် ယခုနှစ် တွင် ပထမဆုငွေကျပ် ၂၇ သိန်း၊ ဒုတိယဆုငွေကျပ် ၂၅ သိန်း၊ တတိယဆုငွေကျပ် ၂၃ သိန်း၊ စတုတ္ထဆုငွေ ကျပ် ၂၁ သိန်းနှင့် နှစ်သိမ့်ဆုငါးဆုအတွက် တစ်ဆုလျင် ငွေကျပ် ၁၀ သိန်းစီချီးမြှင့်မည်ဖြစ်ပါသည်။ ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ခုနှစ် တန်ဆောင်မုန်းလပြည့် (သာမည ဖလအခါတော်နေ့) မသိုးရွှေကြာသင်္ကန်းများကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်ရင်ပြင်ရှိ သတ်မှတ် နေရာများ၌ ကျင်းပသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ဂေါပကရုံးဝန်ထမ်းများ၊ဘာသာရေးအသင်းအဖွဲ့များ၊ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၃၆) ကြိမ်မြောက် မသိုးသင်္ကန်းယှဉ်ပြိုင် ရက်ခတ်ပြိုင်ပွဲ၌ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည့်ပြိုင်ပွဲဝင်များနှင့်ဘုရားဖူးလာပြည်သူများကရှေးဟောင်း ဗုဒ္ရပွားတော်များတန်ဆောင်းမှ စတင်၍ ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်များအား ကပ်လှူပူဇော်မည့်ကထိန် ရွှေကြာသင်္ကန်းတော် များကို ကိုင်ဆောင်၍ စေတီတော် မြတ်ကြီးအား လက်ယာရစ်လှည့် လည်ပူဇော်ကြသည်။ ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်မြတ်အား . ကထိန် ရွှေကြာသင်္ကန်း ကပ်လှူပူဇော် ကြပြီး နှင့်ဂေါပကအဖွဲ့ဝင်များက အာရုံခံ တန်ဆောင်းမုခ်လေးမုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာဘုရား တို့အား ကထိန်ရွှေကြာသင်္ကန်း များ ကပ်လှူပူဇော်ကြသည်။ ယင်းနောက် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များ နှင့် တာဝန်ရှိသူများက ရွှေတိဂုံ စေတီတော်ရင်ပြင် ဧည့်ခံ ဟန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးနှင့် အမွှေးနံ့သာများကပ်လှူပူဇော်ကြသည်။ ထို့နောက် ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီများအားရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ဂေါပကအဖွဲ့များကအာရုံဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက်ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲနှင့် ရေစက်ချ အခမ်းအနားကို ရှေးဟောင်း ဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ အဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဩဝါဒါ စရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်)ထံမှ အနုမောဒနာတရား နာယူပြီး ရေစက်သွန်းလောင်း အမျှ ပေးဝေကြသည်။
Related News
ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပ

ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပ

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် စေတီတော်မြတ်ကြီးနှင့် ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့စေရန်...

читать далее
ရွှေတိဂုံစေတီတော် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)အခမ်းအနား၊ ဝါတွင်းကာလဗုဒ္ဓပူဇနိယပွဲတော်များ(ဆွမ်းသိမ်းအောင်ပွဲ)နှင့် ရေစက်ချအနုမောဒနာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)အခမ်းအနား၊ ဝါတွင်းကာလဗုဒ္ဓပူဇနိယပွဲတော်များ(ဆွမ်းသိမ်းအောင်ပွဲ)နှင့် ရေစက်ချအနုမောဒနာအခမ်းအနားကျင်းပ

၂၀၂၄ အောက်တိုဘာ ၁၇ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ မြတ်ဗုဒ္ဓ၏မမေ့အပ်ရာ နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့်...

читать далее
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အခမ်းအနား ကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အခမ်းအနား ကျင်းပ

  ၂၀၂၄ ခုနှစ် သြဂုတ် ၁၉ ရက် ရွှေတိဂုံစေတီတော် ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့အခမ်းအနားကို ၁၃၈၆ခု...

читать далее