စေတီတော်ဆိုင်ရာ
စေတီတော်သမိုင်း
ဘွဲ့အမည်
ဉာဏ်တော်အမြင့်
ဝတ္တကမြေအကျယ်အဝန်း
မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ (BC ၆၀၀ခန့်) ကဆုန်လပြည့်နေ့တွင် သဗ္ဗုညုဗုဒ္ဓဘုရား အဖြစ်သို့ ရောက်တော်မူပြီးနောက် သတ္တာသတ္တာဟ လှည့်လည်စံနေတော်မူစဉ် လေးဆယ့်ကိုးရက်မြောက်နေ့ လင်းလွန်းပင်ရင်း၌ စံနေတော်မူစဉ် ဥက္ကလာပတိုင်းသား တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့သည် နောက်ပါလှည်းသားငါးရာတို့နှင့်အတူ ကုန်ကူးသန်းသွားလာရင်း မဇ္ဈိမဒေသသို့ ရောက်ရှိလာကြရာ ဘဝဟောင်းက ဆွေမျိုးတော်စပ်ခဲ့ဖူးသော ရုက္ခစိုးနတ်မင်း၏ညွှန်ပြမှုကြောင့် ဘုရားရှင်ထံသို့ ရောက်ရှိဖူးမြော်ကြကာ မိမိတို့တွင် ပါရှိလာသော မုန့်ကြွပ်ကျစ်နှင့် ပျားဆုပ်မုန့်တို့ဖြင့် လှူဒါန်းပူဇော်ကြပြီး၊ ကုန်သည်ညီနောင်တို့မှာ ဘုရားရှင်ထံတော်ထံ၌ “ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ” ဟူသော ဒွေဝါစိက သရဏဂုံနှစ်ပါးကို ဆောက်တည်ပြီးနောက်၊ မိမိတို့အရပ်ဒေသတွင် ကိုးကွယ်အားထားရာ ချီးမြှင့်တော်မူပါဟု လျှောက်ထားသဖြင့် ဦးခေါင်းတော်ကို လက်ယာလက်ဖြင့် သပ်တော်မူကာ လက်တော်တွင်ပါရှိလာသော ဆံတော်ရှစ်ဆူတို့ကို ပေးအပ်ချီးမြှင့်တော်မူခဲ့ပါသည်။ ထို့အပြင် “နောင်တော် ဘုရားသုံးဆူတို့၏ ပရိဘောဂဓာတ်တော်များ ကိန်းဝပ်ရာ ဖြစ်တော်မူသော သိင်္ဂုတ္တရကုန်းတော်မြတ်၌ ငါ၏ဆံတော်များကို ဌာပနာလျက် စေတီတည်ထားကြကုန်လော့” ဟူသော ဗျာဒိတ်စကားကို မိန့်ကြားတော်မူလေသည်။
ကုန်သည်ညီနောင်တို့သည် ဝမ်းသာအားရစွာဖြင့် သိကြားမင်းဖန်ဆင်းသော ပတ္တမြား ကြုပ်တော်နှင့် ရတနာပြဿဒ်တော်၌ ဆံတော်များကို ကိန်းဝပ်စံပယ်တော်မူစေပြီး၍ ဦးခေါင်းထက်၌ တင်ဆောင်ကာ ဥက္ကလာပတိုင်းသို့ ကုန်းလမ်းခရီး၊ ရေလမ်းအသွယ်သွယ်ဖြင့် ပင့်ဆောင်လာခဲ့ ကြပါသည်။ ခရီးတစ်ထောက်အဖြစ် စစ်တွေမြို့၏ အရှေ့တောင်ဘက် ဆယ်မိုင်ခန့်အကွာ ဖရုံကာကျွန်းစုများအနက် ဇေဋ္ဌဒီပကျွန်းရှိ အဇ္ဈတ္တနဂရမြို့ အကောက်ခွန်ဆိပ်သို့ ရောက်ရှိလာကြရာ ရောင်ခြည်တော်ကွန့်မြူးသော ဆံတော်မြတ်များကို ဖူးမြင်ရသော ဇေဋ္ဌဒီပကျွန်း ဘုရင်မင်းနှင့် ပြည်သူပြည်သားတို့မှ ကြည်ညိုသဒ္ဓါပွား ဖူးမြင်မဝဖြစ်ကြရပြီး ကုန်သည်ညီနောင်တို့ထံမှ ဆံတော် မြတ်နှစ်ဆူ တောင်းခံကြလေသည်။ ကုန်သည်ညီနောင်တို့သည် မပေးအပ်လိုကြသော်လည်း ဘုရင်မင်းမြတ် သည် ဆံတော်မြတ်နှစ်ဆူကို အာဏာစက်ပြုကာ ဆောင်ယူထားလိုက်လေသည်။
ကုန်သည်ညီနောင်တို့သည် ဆက်လက်ခရီးထွက်လာခဲ့ရာ ရာသီဥတုအခြေအနေ မိုးလေ ပြင်းထန်လာသည့်အတွက် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလဆန်း ၁၁ ရက်နေ့တွင် နာဂရာဇ်မော် အငူ (ယခု ပုသိမ်မော်တင်စွန်း)သို့ ရောက်ရှိကာ မဖြစ်မနေ တစ်ညတာ ခေတ္တရပ်နားခဲ့ကြရသည်။ ထိုညမှာပင် ဆံတော်မြတ်တို့သည် ရောင်ခြည်တော်များ ကောင်းကင်တစ်ခွင်လုံး ကွန့်မြူးထွက်ပေါ် နေသည်ကို ဖူးမြင်ကြရသဖြင့် နဂါးလုလင်တစ်ဦးသည် လူယောင်ဖန်ဆင်းပြီး ဆံတော်မြတ်နှစ်ဆူကို ယူဆောင်၍ ဇေယသေနနဂါးမင်းထံ ဆက်သလေသည်။ ကုန်သည် ညီနောင်တို့ သည် ဆံတော်မြတ်နှစ်ဆူ ထပ်မံ၍ပျောက်ဆုံးသဖြင့် ဝမ်းနည်းပူဆွေးကာ အမြန်ဆုံး ခရီးဆက်ခဲ့ကြ လေသည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက်နေ့တွင် ပေါက္ခရဝတီမြို့၏ ဆိပ်ကမ်းဖြစ်သော ဓညဝတီခေါ် ဟပင်းသို့ (ကသစ်ပင်ဆိပ်ကမ်း)သို့ ရောက်ရှိခဲ့ပြီး ဆိပ်ကမ်း၏ အနောက်ဘက် ခြောက်မိုင်ခန့်အကွာရှိ မေရုဒကုန်းသို့ နဝရတ်ပြဿဒ်ကို ပင့်ဆောင်၍ ဘုရားရှင်၏ ဆံတော်မြတ်တို့အား ခုနစ်ရက်ပတ်လုံး ပွဲလမ်းသဘင် ဆင်ယင်ကျင်းပကာ ပူဇော်ကြလေသည်။ ကုန်သည်ညီနောင်တို့သည် ဘုရားရှင်၏ဆံတော်များ ပင့်ဆောင်လာပြီ ဖြစ်ကြောင်းကိုလည်း ဥက္ကလာပမင်းကြီးထံ တမန်များစေလွှတ်လျှောက်ထားခဲ့လေသည်။ ဆံတော်မြတ်များကို မေရုဒ ကုန်းမှ ဆက်လက်ပင့်ဆောင်လာရာ ဒေးတနောရွာ၊ အင်္ဂလုံးရွာ၊ ဆပုဂံရွာ၊ တရုတ်ကုန်းရွာ၊ တဂူခြံရွာ၊ လက်ခိုက်ရွာ၊ ကော့မှူးရွာ၊ ဖလကြီးရွာနှင့် ကဘင်းရွာများသို့ ဖြတ်သန်းပင့်ဆောင်ခဲ့ကြလေသည်။ နောင်တွင် အဆိုပါရွာများ၌ ဆံတော်ကြို စေတီများကို အသီးသီးတည်ထားကိုးကွယ်ကြသည်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ရက်နေ့ စနေနေ့တွင် ဥက္ကလာပဆိပ်ကမ်း (ယခုဗိုလ်တထောင် ဆိပ်ကမ်း) နေရာသို့ ဆံတော်မြတ်များ ဆိုက်ရောက်လာသဖြင့် ဥက္ကလာပမင်းကြီးနှင့် ပြည်သူအများတို့သည် တပ်ထောင်တာ ဗိုလ်ထုဖြင့် ခင်းကျင်းကာကြိုဆို၍ ဆံတော်မြတ်များကို အသင့်ဆောက်လုပ်ထားသော ရတနာမဏ္ဍပ်၌ ကိန်းဝပ်စံပယ်စေကာ အားပါးတရပူဇော်ကြလေသည်။
ဥက္ကလာပမင်းကြီးသည် ဆံတော်မြတ်လေးဆူ လမ်းခရီးတွင် ဆုံးရှုံးခဲ့ကြောင်း ကုန်သည် ညီနောင်တို့၏ လျှောက်တင်ချက်အရ သိရှိရသောအခါ လက်အုပ်ချီရှိခိုး အဓိဋ္ဌာန်ပြုပြီး ဆံတော်မြတ်များ ကိန်းဝပ်သည့် ပတ္တမြားကြုပ်တော်ကို ဖွင့်လေရာ ဆုံးရှုုံးခဲ့သော ဆံတော်မြတ် လေးဆူအပါအဝင် ဘုရားရှင် ပေးသနားချီးမြှင့်တော် မူခဲ့သည့်အတိုင်း ဆံတော်မြတ်ရှစ်ဆူကို ဝမ်းမြောက်ဖွယ် ဖူးမြင်ကြရလေသည်။ ဥက္ကလာပမင်းကြီးသည် ဆံတော်များကို ဌာနပနာပြု၍ စေတီတည်ထားကိုးကွယ်ရန် သိကြားမင်း၏အကူအညီဖြင့် သိင်္ဂုတ္တရကုန်းတော်ကို ရှာဖွေတွေ့ရှိ ပြီးနောက် ရှေးဘုရားသုံးဆူတို့၏ ဓါတ်တော်၊ မွေတော်များဖြစ်သော ကကုသန်မြတ်စွာဘုရား၏ တောင်ဝှေးတော်၊ ကောဏာဂုံမြတ်စွာဘုရား၏ ရေစစ်တော်၊ ကဿပမြတ်စွာဘုရား၏ ရေသနုပ် သင်္ကန်းတော်တို့ကို သက်တော်ရှည်နတ်မင်းကြီးများ၏ ညွှန်ပြမှုကြောင့် တူးဖော်တွေ့ရှိဖူးမြင်ရပြီး ဘုရားလေးဆူတို့၏ဓါတ်တော်၊ မွေတော်များကို ဌာပနာပြုကာ ဉာဏ်တော် ၄၄ တောင် (၆၆ ပေ) အမြင့်ရှိသော ရွှေတိဂုံစေတီတော်မြတ်ကြီးကို တည်ထားတော်မူခဲ့ပြီး မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် ဥက္ကလာပမင်းကြီး တပုဿဘလ္လိက ညီနောင်နှင့် ပြည်သူပြည်သား အများတို့သည် လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက နေကဇာတင်ပွဲကြီးကို ကြီးကျယ်ခမ်းနားစွာ ဆင်ယင်ကျင်းပပူဇော်ခဲ့ကြပါသည်။ ထို့နောက် ဉက္ကလာပမင်း အဆက်ဆက် တို့သည် ၎င်းတို့စိုးစံသည့် လက်ထက်တွင် စေတီတော်ကြီးအား ဆက်လက်မွန်းမံထိန်းသိမ်း ခဲ့ကြကြောင်း သိရှိရပါသည်။
သာသနာသက္ကရာဇ် ၁၀၁ ခုနှစ်တွင် သရေခေတ္တရာပြည်တွင် နန်းတက်သော ဒွတ္တပေါင် မင်းကြီးသည် ဆံတော်မြတ်ကြီးအား ပင့်ဆောင်ရန် ကြံဆောင်သော်လည်း မအောင်မြင်သဖြင့် ရွှေထီး၊ ရွှေတံခွန် ပန်းပေါက်ပေါက် စသော ရတနာတို့ဖြင့် ပူဇော်ခဲ့ပါသည်။
သာသနာသက္ကရာဇ် ၂၁၈ ခုနှစ်တွင် မဇ္ဈိမဒေသတွင် မင်းဖြစ်သော တတိယသံဃာယနာ တင်ဒါယကာ သီရိဓမ္မာသောကမင်းလက်ထက်တွင် စေတီတော်တည်ရှိရာ ရာမညတိုင်းသည် သာသနာတော်မှေးမှိန်လျက် ရွှေတိဂုံစေတီတော်မှစ၍ သိင်္ဂုတ္တရ ကုန်းတော်ကြီးမှာ တောချုံအတိ ဖြစ်နေပေသည်။ သာသနာသက္ကရာဇ် ၂၃၆ ခုနှစ်တွင် အရှင်သောဏထေရ်နှင့် ဥတ္တရထေရ်မြတ် တို့သည် သိင်္ဂုတ္တရကုန်းတော်၌ မြတ်စွာဘုရား၏ ဆံတော်ရှိကြောင်း သီရိဓမ္မာသောက မင်းကြီးအား ကြားသိစေရာ မင်းကြီးလည်း မှူးမတ်အပေါင်းခြံရံ၍ ကုန်းတော်မှ ချုံနွယ်ပိတ်ပေါင်းများရှင်းလင်းပြီး ရွှေထီး၊ ငွေထီး၊ ရွှေတံခွန်၊ ငွေတံခွန်၊ ရွှေပန်းခိုင်၊ ငွေပန်းခိုင်တို့ဖြင့် ပူဇော်၏။ ထိုအခါ ဆံတော်ရှင် မြတ်သည် ကောင်းကင်ထက်၌ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးတော်မူ၏။
ကောဇာသက္ကရာဇ် ၄၀၆ တွင် ပုဂံပြည် အနော်ရထာမင်းသည် ဆံတော်မြတ်အား ပင့်ဆောင်ရန် ကြံဆောင်ခဲ့ရာ မအောင်မြင်သဖြင့် စေတီတော်အား ရတနာအမျိုးမျိုးတို့ဖြင့် ပူဇော် တော်မူ၏။
စေတီတော်တည်ထားပြီးနောက် နှစ်ပေါင်း ၂၀၀၀ ပတ်ဝန်းကျင် (BC ၆၀၀ မှ ခရစ်နှစ် ၁၄ ရာစုအတွင်း) ဥက္ကလာပမင်းဆက် ၃၂ ဆက်တို့ပြီးနောက် ဆက်လက်၍ ပြုပြင်နိုင်ခြင်းမရှိခဲ့ပါ။ သက္ကရာဇ် ၇၃၃ ခုနှစ် ရောက်မှ ဟံသာဝတီတွင် မင်းပြုသော ဆင်ဖြူရှင် ဗညားဦး (ခရစ်နှစ် ၁၃၅၃-၁၃၅၈) သည် ပြိုပျက်နေသော ဆံတော်ရှင် စေတီတော်ကြီးကို ဥက္ကလာပမင်းကြီး တည်ထား ကိုးကွယ်တော်မူခဲ့သော ဉာဏ်တော် ၄၄ တောင်အမြင့်အတိုင်း ထား၍ ထပ်မံတည်ဆောက်တော် မူခဲ့ပါသည်။ ဒဂုံ၊ ဒလ၊ သံလျင်၊ မုတ္တမမင်းတို့ကလည်း ဆင်ဖြူရှင်ဗညားဦး မင်းကြီးနှင့်အတူ ပူးပေါင်းလုပ်ဆောင်ပူဇော်ကြပါသည်။
သို့ဖြင့် ဟံသာဝတီမွန်မင်းဆက်အသီးသီးတို့သည် ရွှေတိဂုံစေတီတော်ကြီးအား လက်ဆင့် ကမ်းပြုပြင်မွမ်းမံ တိုးချဲ့တည်ဆောက်ခဲ့ကြရာ ဘုရင်မကြီးရှင်စောပုလက်ထက်တွင် စေတီတော်မှာ ဉာဏ်တော်အမြင့် (၃၀၂) ပေခန့် ရောက်ရှိခဲ့ပြီး ၁၄၃၆ ခုနှစ်မှ ၁၇၆၈ ခုနှစ်အထိ ကြာမြင့်စွာ ဖူးမြင်ရပါသည်။
၁၇၆၈ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် မြေငလျင် ကြီးစွာလှုပ်သောကြောင့် ရွှေတိဂုံစေတီ တော်ကြီးမှာ သပိတ်မှောက် အထက်ပိုင်းမှ ပြိုကျသွားပါသည်။ ထိုအခါ ကုန်းဘောင်မင်းဆက်မှ အလောင်းမင်းတရားကြီး၏ သားတော်ဆင်ဖြူရှင်မင်းသည် ယခင်ပစ္စယာ အဟောင်းပေါ်တွင် စေတီတော်ကြီး၏ အောက်ခြေဖိနပ်တော်ပစ္စယာကို ပတ်လည်အကျယ် (၁၄၂၀)ပေထား၍ အမြင့်ကို (၂၀.၁၁)ပေထားပြီး အထက်သို့ဆက်လက်တည်ထား ကိုးကွယ်တော်မူခဲ့ရာ အောက်ခြေဖိနပ်တော်မှ အထက် စိန်ဖူးတော်အထိ (၃၂၆)ပေ မြင့်လာပါသည်။ ယခုဖူးတွေ့ နေရသော ရွှေတိဂုံစေတီတော် ကြီး၏ ဉာဏ်တော်အမြင့်ပေ (၃၂၆)ပေမှာ ဆင်ဖြူရှင်မင်း တည်ထားခဲ့သော ဉာဏ်တော်အမြင့်ပေ ဖြစ်ပါသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ သိင်္ဂုတ္တရကုန်းတော် ပေါ်တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၉၀ (၆၀) မီတာ မြင့်ပါသည်။ ဉာဏ်တော် အမြင့်မှာ ၃၂၆ ပေ (၁၀၀ မီတာ) ခန့်ရှိပြီး၊ ဝတ္ထုကံမြေအကျယ်အဝန်းမှာ ၁၂၁.၃ ဧက (၄၉ ဟက်တာ)နှင့် ရင်ပြင်တော်မှာ ၁၄ ဧက (၆ ဟက်တာခန့်) တောင်မှမြောက် အလျား ၉၀၀ ပေနှင့် အရှေ့မှအနောက် အနံ ၇၀၀ ပေ၊ စေတီတော်ကြီး၏ ဖိနပ်တော်ပတ်လည် ၁၄၂၀ ပေ ကျယ်ဝန်း ပါသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးအား အထက်ပစ္စယံ၊ ရင်ပြင်တော်၊ အလယ်ပစ္စယာ၊ အောက် ပစ္စယာ ဟူ၍ အပိုင်း(၄)ပိုင်းဖြင့် ပိုင်းခြားထားပြီး အထက်ပစ္စယံတွင် စေတီရံ (၆၄)ဆူ၊ မုခ်ဦး စေတီ(၄)ဆူ စုစုပေါင်း (၆၈)ဆူဖြင့် စေတီတော်ကြီးအား ဝန်းရံတည်ထားလျက်ရှိပါသည်။ စေတီတော်မြတ်ကြီးသို့ အရပ်လေးမျက်နှာမှ တက်ရောက်ဖူးမြော်နိုင်ရန်အတွက် စောင်းတန်း (၄)ခု တည်ဆောက်ထားပြီး လွယ်လင့်တကူ တက်ရောက်နိုင်ရန်အတွက်လည်း အရှေ့ဘက်၊ တောင်ဘက်၊ မြောက်ဘက်တို့တွင် ဓါတ်လှေကားများနှင့် အနောက်ဘက်တွင် စက်လှေကား တပ်ဆင်ပေးထား ပါသည်။ ရင်ပြင်တော် အရပ်လေးမျက်နှာတွင် ဘုရားဖူးများ ဝတ်ပြုနိုင်ရန် အာရုံခံတန်ဆောင်းကြီး (၄)ခု တည်ဆောက်ထားပြီး ပွင့်တော်မူပြီးသည့် ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပနှင့် ဂေါတမ ဘုရားရှင်(၄)ဆူတို့၏ ရုပ်ပွားတော်များကို ပူဇော်ထားပါသည်။
စေတီ၊ ဇရပ်၊ တန်ဆောင်းများအနေဖြင့် ရင်ပြင်တော်တွင် စေတီ ၇၅ ဆူ၊ အလယ်ပစ္စယာတွင် စေတီ ၂ ဆူ၊ အောက်ပစ္စယာတွင် စေတီ ၃ ဆူနှင့် ရင်ပြင်တော်ပေါ်တွင် ဇရပ်တန်ဆောင်း ၈၄ ခု ရှိပါသည်။ ထို့အပြင် ရင်ပြင်တော်ပေါ်၌ ဗောဓိညောင်ပင် ၅ ပင်စိုက်ပျိုးထားပြီး ရင်ပြင်တော် အင်္ဂါထောင့်ရှိ ညောင်ပင်မှာ ၁၉၇၂ ခုနှစ်တွင် မယ်ဒက်ဆရာတော်က ဗုဒ္ဓဂယာမှ မူလဗောဓိပင်၏ မျိုးစေ့ကိုဆောင်ယူ၍ စိုက်ပျိုးပူဇော်ထားခြင်းဖြစ်ပါသည်။
စေတီတော်အင်္ဂါရပ်တော်များ
စိန်ဖူးတော်
စိန်ဖူးတော်သည် စေတီတော်၏ ပန်းလည်တိုင်အထွတ်၌ မိုးသား ကောင်းကင်ပြင်ကို နောက်ခံပြုလျက် ထူးခြားသပ္ပာယ် တင့်တယ်စွာ တည်ရှိနေလေသည်။ စိန်ကျောက်ရတနာများကို အငုံအဖူး သဏ္ဍာန်ပြုထားသည့် စိန်ဖူးတော်အထွတ်တွင် ၇၆ ကရက်ခန့်ရှိသော စိန်လုံးကြီးကို စိန်ပွင့်များစီထားသော စိန်လှံသုံးချောင်းတို့က ဖိုခုံလောက်ဆိုင် အုပ်မိုးထားသည်။ ရွှေသားအတိပြီးသော စိန်ဖူးတော်ကြီးသည် အမြင့် ၁ ပေ ၁၀ လက်မ၊ အချင်း ၁၀ လက်မခွဲ၊ အဝန်း ၃၁ ဒသမ ၄ လက်မရှိပြီး စိန်လုံးရေ ၄၃၁ လုံးနှင့်အခြား ကျောက်မျက် ၉၃၀ လုံး တို့ဖြင့် စီခြယ်မွမ်းမံထားသည်။ စိန်များစီလျက် ပုံဖော်ထားသော ရုပ်ပွားတော်၊ စေတီတော်ပုံ၊ ဒေါင်းရုပ်၊ ကြေးစည်ငယ်၊ ယပ်တောင်တို့ အပြင် လှူဒါန်းသူအမည်၊ အဖွဲ့အစည်းတို့ကိုပင် စိန်များစီခြယ် ကပ်ထားသည်မှာ ဆန်းကြယ်လှပ လက်ရာမြောက်လှပေသည်။ စိန်ဖူးတော်ကြီးကို ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပလျက် ကြည်ညိုဖွယ် အသွင်ထူးဖြင့် ဖူးမြင်ကြရမည်ဖြစ်သည်။
ငှက်မြတ်နားတော်
စိန်ဖူးတော်၏ အောက်ဘက်တွင် ဆည်းလည်းပဒေသာ တစ်ဆင့်ခံပြီး ငှက်မြတ်နားတော်တည် ရှိသည်။ ငှက်မြတ်နားတော်၏ အရင်းပိုင်းကို ပန်းလည်တိုင်၌စွပ်လျက် လေတိုက်ရာသို့ လည်ပတ်နိုင်ရန် သံမဏိစုံလည် တပ်ဆင်ထားသည်။ ငှက်မြတ်နားတော်၏ အလေးချိန် ၃၃ ပိဿာခန့်နှင့် ညီမျှစေရန် နောက်ဘက်တွင် ၁၅ ပိဿာခန့်ရှိ မဲတင်းအလေး (ကောင်တာဝိတ်)ကို တပ်ဆင်ထားသည်။ ငှက်မြတ်နားတော်မှာ အကျယ်ဆုံးနေရာ နှစ်ပေ ငါးလက်မခွဲ၊ အရှည်ဆုံးနေရာမှာ လေးပေ နှစ်လက်မ ခွဲရှိပြီး စိန်လုံးရေ ၁၀၉၈ လုံးနှင့် အခြားကျောက်မျက်လုံးရေ ၁၃၃၈ လုံးတို့ဖြင့် အထူးထူးအသွယ်သွယ် စီခြယ်ထားသည်။ ငှက်မြတ်နား ကြေးပြားပေါ်တွင် ရွှေပြားကပ်လျက် နှစ်ခြမ်းစပ်၊ နှစ်ဖက်လှဖြစ်အောင် မြန်မာမှုအနုပညာဖြင့် ပုံဖော်ထားခြင်းဖြစ်သည်။ ယိုးဒယား ရွှေပန်းခက်ကြီးကို နောက်ခံပြုကာ ပန်းထိမ်ပညာစွမ်းဖြင့် အနုအရွ အဖုအကြွဖြစ်အောင် ကျောက်မျက်တို့ကို အဆန်းတကြယ် စီခြယ်ထားသည်။
ဆပ်သွားဖူးတော်
ဆပ်သွားဖူးတော်မှာ ထီးတော်ဘုံခုနစ်ဆင့်ထက်တွင် တည်ရှိနေသည်။ အမြင့် ရှစ်ပေ နှစ်လက်မခန့်ရှိပြီး အချင်း သုံးပေ သုံးလက်မခန့်ရှိ ဆပ်သွားဖူးတော်ကို ငွေသတ္တုစပ် အပြားငယ်များဖြင့် ဆပ်သွားဖူးပုံစံ ဖော်ကာ ရက်လုပ်လျက် တည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းအပေါ်၌ ရွှေပြားထပ်အုပ်ပြီးလျှင် ကျောက်မျက်ရတနာများဖြင့် မွမ်းမံစီခြယ်ထားသည်။ ဆပ်သွားဖူးတော်မှာ ရွှေဆည်းလည်း ပဒေသာပင်ကြီးပမာ ရွှေဆည်းလည်းများကိုသာ တွေ့မြင်ကြရမည်ဖြစ်သည်။ ဆပ်သွားဖူးတော်တွင် မူလကပင် ရှိနေသော အပေါက်ငယ်များတွင် အသင့်ပြုလုပ်ထားသည့် ငွေရိုး၊ ရွှေရိုးများ တပ်ဆင်ထားအပ်သော ကျောက်မျက်ခြယ်ပွင့်များ၊ ရွှေဆည်းလည်းများကို အများပြည်သူတို့လှူဒါန်းကြသော ရွှေဆည်းလည်း၊ ရွှေညောင်ရွက်၊ လက်ဝတ်ရတနာပစ္စည်းများဖြင့် ဖြည့်စွက်လျက် ဆပ်သွားဖူးတော် ခြယ်ပွင့်ဟောင်း ၃၄၈ ခုနှင့် ခြယ်ပွင့်သစ် ၂၀၈ ခုတို့ကို တင်လှူ ခဲ့ကြလေသည်။
ထီးတော်
စေတီတော်မြတ်ကြီး၏ ထီးတော်ဘုံဆင့်များကို စွန်းထင်းခံသံမဏိ (Stainless Steel)များဖြင့် ပြုလုပ်တပ်ဆင်ပြီးသည့် ထီးတော် ဘုံဆင့်များကို အများပြည်သူတို့အား ရင်ပြင်တော်တွင် အပူဇော်ခံပြီးနောက် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင်ဦးစီးလျက် ပြည်သူတစ်ရပ်လုံး တစ်ခဲနက်ပါဝင်သော ရွှေတိဂုံစေတီတော် ထီးတော်သစ်တင်လှူပွဲကို ၁၉၉၉ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့မှ ဧပြီလ (၆) ရက်နေ့အထိ (၃) ရက် တိုင်တိုင် စည်ကားသိုက်မြိုက်စွာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပါသည်။
- ထီးတော်ဘုံဆင့်ပေါင်း – ၇ဆင့်
- ထီးတော်အမြင့် – ၄၃ပေ (၁၃မီတာ)
- အကျယ်ဆုံးအချင်း – ၁၅ပေ၆လက်မ(၅မီတာ)
- ရွှေသားအလေးချိန် – ၀.၅တန် (၅၀၀ကီလိုဂရမ်)
စေတီတော်မြတ်ကြီး၏ သိမှတ်ဖွယ်ရာ ကိန်းဂဏန်းအချက်အလက်များ
စိန်ဖူးတော်
အမြင့် | ၂ လက်မ (၅၆ စင်တီမီတာ) |
အချင်း | ၁၀.၅ လက်မ (၂၇ စင်တီမီတာ) |
စိန်လုံးရေ | ၄၃၅၁ လုံး |
ကာရက် | ၁၈၀၀ ကာရက် |
အထွတ်စိန် | ၇၆ ကာရက် (၈၇ရတီ) |
ငှက်မြတ်နားတော်
အရှည်ဆုံးနေရာ | ၄ ပေ ၂ လက်မ (၁၃၀စင်တီမီတာ) |
အကျယ်ဆုံးနေရာ | ၂ ပေ ၆ လက်မ (၇၆စင်တီမီတာ) |
အလေးချိန် | ၉၂၄ ပေါင် (၄၁၉ ကီလိုဂရမ်) |
ဆပ်သွားဖူး
အမြင့် | ၁၂ ပေ |
အကျယ်ဆုံးအချင်း | ၃ ပေ၊ ၄ လက်မ |
အကျဉ်းဆုံးအချင်း | ၁ ပေ၊ ၈ လက်မ |
ကျောက်မျက်မျိုးစုံ | ၈၈၆ လုံး |
ပိန္နဲတိုင် (ပန်းလည်တိုင်)
အလျား | ၃၈ ပေ၊ ၄ ၃/၄ လက်မ (ကြေးစလောင်းမှ စိန်ဖူးတော် အောက်ခြေထိ) |
အရင်းပိုင်းအချင်း | ၄ လက်မ |
အဖျားပိုင်းအချင်း | ၂ ၂၃/၃၂ လက်မ |
ထီးတော်
ထီးတော်အမြင့် | ၄၃ ပေ၊ ၈ လက်မ |
ဘုံပေါင်း | ၇ ဆင့် |
ပထမဘုံ၊ (အောက်ဆုံးဘုံ)အမြင့် | ၃ ပေ၊ ၃ လက်မ |
သတ္တမဘုံ (အထက်ဆုံးဘုံ)အမြင့် | ၁ ပေ၊ ၆ လက်မ |
အကျယ်ဆုံးဘုံ (အောက်ဆုံးဘုံ)အချင်း | ၁၅ ပေ၊ ၆ လက်မ |
အကျဉ်းဆုံးဘုံ (အထက်ဆုံးဘုံ)အချင်း | ၃ ပေ၊ ၆ ၁/၄ လက်မ |
လက်ဝတ်ရတနာမျိုးစုံ | ၈၃၈၃၅၀ ခု |
ရွှေဆည်းလည်း | ၄၀၁၆ လုံး |
ငွေဆည်းလည်း | ၄၇၄ လုံး |
ရွှေ၊ ငွေ၊ ကြေးစပ် ဆည်းလည်း | ၇၉၃ လုံး |
ရွှေညောင်ရွက် | ၁၈၀၅ ရွက် |
ရတနာရွှေကြုပ် | ၉ ခု |
ရွှေသားအလေးချိန် | ၅၀၀ ကီလိုဂရမ် |
ထီးတော်အလေးချိန် | ၆.၃ တန် |
စေတီတော်ဆိုင်ရာ
ပစ္စယာများ | ၆၂ ပေ၊ ၄ လက်မ |
ရှစ်မြှောင့် | ၂၅ ပေ၊ ၁၀ လက်မ |
ကြည်းဝန်း | ၂၄ ပေ၊ ၂ လက်မ |
သပိတ်မှောက်နှင့် ခေါင်းလောင်း | ၄၅ ပေ၊ ၁၁ လက်မ |
ဖောင်းရစ်များ | ၄၃ ပေ၊ ၄ လက်မ |
ကြာမှောက်၊ ကြာလန်၊ ကြာနု၊ ရွဲ | ၂၈ ပေ၊ ၁၀ လက်မ |
ငှက်ပျောဖူး | ၅၁ ပေ၊ ၁၁ လက်မ |
ထီးတော် (စိန်ဖူးအထိ) | ၄၃ ပေ၊ ၈ လက်မ |
စုစုပေါင်း ၃၂၆.၀၀ ပေ |
စေတီတော်ကြီးတစ်ခုလုံး
ရွှေအလေးချိန် | ၂၀၃၄.၆၈ ပိသာ (၃.၀၈ တန်) |
ကြေးအလေးချိန် | ၁၄၅ တန် |
စတီးအလေးချိန် | ၄.၄၇ တန် |
တစ်ပေပတ်လည် ရွှေပြားကြီးများ | ၃၃၆၉၉ ပြား (ခေါင်းလောင်းတော် အောက်နှုတ်ခမ်းမှ အထက်) |
ရင်ပြင်တော်ဆိုင်ရာ
ရင်ပြင်တော်အကျယ် | ၁၄ ဧက |
ရင်ပြင်တော် တောင် — မြောက်အလျား | ၉၀၀ ပေ |
ရင်ပြင်တော် အရှေ့ — အနောက် အနံ | ၇၀၀ ပေ |
ဖိနပ်တော်ပတ်လည် | ၁၄၂၀ ပေ |
စေတီများ/စေတီရံများ
အထက်ပစ္စယာစေတီများ | ၆၉ ဆူ |
ရင်ပြင်တော်စေတီများ | ၇၅ ဆူ |
အလယ်ပစ္စယာစေတီများ | ၂ ဆူ |
အောက်ပစ္စယာစေတီများ | ၃ ဆူ |
အုတ်ဂူစေတီ (ဂန္ဓကုဋိတိုက်ခံစေတီ) | ၁၀၄ ဆူ |
အုတ်ဂူပြာသာဒ် (ဂန္ဓကုဋိတိုက်ခံပြသာဒ်) | ၇၆ ဆူ |
အုတ်ဂူ (ဂန္ဓကုဋိတိုက်) | ၄၇ ဆူ |
ဇရပ်၊ တန်ဆောင်း၊ ဓမ္မာရုံ၊ ပိဋကတ်တိုက်၊ ဘုန်းကြီးကျောင်းများ — ၁၆၀
အထက်ပစ္စယာ | ၁ ခု |
ရင်ပြင်တော် | ၇၅ ခု |
အလယ်ပစ္စယာ | ၃၃ ခု |
အောက်ပစ္စယာ | ၅၁ ခု |
ဓာတ်လှေကား၊ စက်လှေကားများ
တောင်ဘက်ဓာတ်လှေကား | ၂ စင်း |
မြောက်ဘက်ဓာတ်လှေကား | ၂ စင်း |
အရှေ့ဘက်ဓာတ်လှေကား | ၂ စင်း |
အနောက်ဘက်စက်လှေကား | ၆ စင်း |
ရင်ပြင်တော်ဆိုင်ရာ
ဗောဓိပင် (ရင်ပြင်တော်) | ၅ ပင် |
ခေါင်းလောင်း | ၃၀ လုံး |
တာဝါတိုင် (မီးမောင်းစင်) | ၃ စင် |
အမြင့်တင်ရေစင်ကြီး | ၂ စင် |
ပြတိုက် | ၂ ခု |
အာရုံခံမုခ်ဦးတန်ဆောင်း | ၄ ခု |
ဈေးတော်ရုံ | ၄ ခု |
တံခွန်တိုင် | ၄ တိုင် |
ကျောက်ထီး | ၃ လက် |
ရှမ်းထီး | ၃ လက် |
ရေချမ်းစင် | ၄ စင် |
စောင်းတန်းများ ၄ သွယ်
အရှေ့ဘက်စောင်းတန်းအရှည် | ၇၇၄.၈ ပေ |
လှေကားထစ် | ၂၀၄ ထစ် |
တောင်ဘက်စောင်းတန်းအရှည် | ၇၇၀.၈ ပေ |
လှေကားထစ် | ၁၅၂ ထစ် |
မြောက်ဘက်စောင်းတန်းအရှည် | ၄၃၈ ပေ |
လှေကားထစ် | ၁၄၃ ထစ် |
အနောက်ဘက်စောင်းတန်းအရှည် | ၆၉၄ ပေ |
လှေကားထစ် | ၁၆၄ ထစ် |
ကုန်းတော်မြေဆိုင်ရာ
ကုန်းတော်အမြင့် (ပင်လယ်ပြင်မှ) | ၁၉၀ ပေ |
ဝတ္တကမြေ အကျယ်အဝန်း | ၁၂၁.၃ ဧက |
ရွှေတိဂုံစေတီတော်မြတ်ကြီးတည်ရှိရာ
ရန်ကုန်မြို့သမိုင်း
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ အကြီးဆုံး ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်သည်။ ယခင်က နိုင်ငံ၏မြို့တော်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် နိုင်ငံ၏ မြို့တော်ကို နေပြည်တော်အဖြစ် ပြောင်းလဲသတ်မှတ်၍ အစိုးရရုံးများ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ရန်ကုန်ကို စီးပွားရေးမြို့တော်အဖြစ် သတ်မှတ်ခဲ့ ပါသည်။ မြောက်လတ္တီတွဒ် ၁၆’.၄၆ နှင့် အရှေ့လောင်ဂျီတွဒ် ၉၆.၁၀’ ဆုံရာတွင် တည်ရှိသည်။ ရန်ကုန်မြစ်ခေါ် လှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်း၊ ပဲခူးမြစ်တို့ ဆုံရာတွင် တည်ရှိ၍ ပင်လယ်ဝမှ ၂၁ မိုင်ခန့် ကွာဝေးသည်။ ရေတက်ရေကျရှိသဖြင့် ပင်လယ်ကူးသင်္ဘောကြီးများသည် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ထွက်သွား လာနိုင်ပါသည်။ ကုန်းလမ်း၊ ရေလမ်း၊ လေကြာင်းလမ်းတို့ဖြင့် ဆက်သွယ်လျက်ရှိပြီး ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အခြာနေရာလည်းဖြစ်သည်။ ရန်ကုန်မြို့သမိုင်းသည် ရှေးနှစ်ပေါင်း ၂၆၀၀ ကျော်က အစပြုခဲ့၍ ရွှေတိဂုံစေတီတော်သမိုင်းနှင့်လည်း ဆက်စပ်လျက်ရှိသည်။ ရှေးက ဥက္ကလာပ ဟုအမည်တွင်ခဲ့ပြီး (၁၁) ရာစုနှစ်သို့ရောက်သောအခါ ဒဂုန်ဟုခေါ်ကြောင်း မွန်ရာဇဝင်တွင် ဖော်ပြထားသည်။ အလောင်းဘုရားလက်ထက် ခရစ်နှစ် ၁၇၅၅ ခုနှစ်တွင် ရန်ကုန်ဟူသော အမည်ရရှိခဲ့သည်။