အသေးစိတ်အချက်အလက်များ
တန်ဆောင်းအမည်
ကျောက်စိမ်းတန်ဆောင်း
တည်နေရာ
အနောက်ဘက်မုခ်နှင့် တောင်ဘက်မုခ်ကြား စနေထောင့်အနီး
Category
ဇရပ်တန်ဆောင်းများ | ဖူးမြော်ရန်နေရာများ
ရွှေတိဂုံစေတီတော် ရင်ပြင်တော် စနေထောင့်ရှိ တန်ဆောင်းဖြစ်ပါသည်။ အခြားတန်ဆောင်းများ နှင့် ကပ်လျက်မတည်ရှိဘဲ စေတီတော်ကြီးဘက်သို့ ပို၍ထွက်နေသော တန်ဆောင်းဖြစ်ပါသည်။ မြန်မာ သက္ကရာဇ် ၁၂၆၀ (၁၈၉၈) ခုနှစ်ခန့်တွင် ဒေါ်လှမေ ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ မြန်မာသက္ကရာဇ် ၁၃၁၉ ခုနှစ်တွင် ပုညကုသလဗဟုကရ အသင်း (CMA)မှ ထပ်မံပြုပြင်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ် ရင်ပြင်တော်ဘက်စုံ ပြုပြင်ရေးအစီအစဉ်၌ မြန်မာမှုများတပ်ဆင်ခြင်း၊ ကြွေပြားခင်းခြင်း၊ ဝရံတာများဖြုတ်သိမ်းခြင်း၊ မျက်နှာကြက်များ ပြုပြင်ခြင်းနှင့် နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားတော်များ ကိန်းဝပ်ရာ ဂန္ဓကုဋိတိုက်များ ပြုပြင်ခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။ ၃-၄-၁၉၉၉ ရက်နေ့မှ စတင်၍ ထီးတော်တင်ပွဲ အထိမ်းအမှတ်အနေဖြင့် လှူဒါန်းသော ကျောက်စိမ်းရုပ်ပွားတော် အပူဇော်ခံထားရှိသောကြောင့် ကျောက်စိမ်း တန်ဆောင်း ဟု လူသိများသည်။
၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်းတိုင်းဒဏ်ကြောင့် တန်ဆောင်းရှိ မြန်မာမှုများ ပျက်စီး ခဲ့ခြင်းအား ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် အမိုးဒိုင်းလဲလှယ်ခြင်း၊ ဆွေးမြေ့နေသော ပန်းပြားများလဲလှယ်ခြင်းနှင့် သွပ်ပန်းတဉ်းများ ပြုပြင်တပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် CMA တန်ဆောင်းသည် နှစ်ကာလ ကြာမြင့်လာသည့်အခါ မူလတပ်ဆင်ထားသော သွပ်ပန်းများနှင့် ရေတံလျှောက်များ ဆွေးမြေ့ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ သည့်အတွက် အမိုးပိုင်းအမာခံများပြုပြင်ခြင်းနှင့် မြန်မာမှု Gold Steel ပန်းများ အသစ်ပြုလုပ်တပ်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။