ပန်းပဲပညာ

အသေးစိတ်အချက်အလက်များ
ပန်းပဲပညာဆိုသည်မှာ သံ၊ သတ္တုတို့ကို မီးအပူရှိန်ဖြင့် ပျော့ပျောင်းစေကာ ရဲနေအောင်ဖုတ်ပြီး လိုရာပုံစံရရှိစေရန် ပုံသွင်းထုရိုက်ရသော‌ ပညာရပ် ဖြစ်ပါသည်။ မြန်မာ့သမိုင်းတွင် တကောင်းခေတ်မှစ၍ ပန်းပဲပညာ ထွန်းကားခဲ့ကြောင်း ပန်းပဲမောင်တင့်တယ် ရာဇဝင်တွင် တွေ့ရှိနိုင်ပါသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ကိုယ်လုံးတော် ကြံ့ခိုင်တောင့်တင်းစေရန်အတွက် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက စေတီတော်ကြီး၏ ကိုယ်လုံးတော်တွင် ၂’’ x ၁/၂’’ အရွယ်ခန့်ရှိသော သံပြား သံချောင်းများကို အုတ်စီရာတွင် ကြံ့ခိုင်မှုပိုမိုကောင်းမွန်စေရန် ထည့်သွင်းအသုံးပြုခဲ့ပါသည်။ စေတီတော်မြတ်ကြီး၏ ရွဲလုံး၊ ကြာမှောက်ကြာလန်နေရာများအား ၂၀၀၈-၂၀၀၉ ခုနှစ် ပြုပြင်မွမ်းမံရာတွင် ၎င်းသံချောင်းများကို အများဆုံးတွေ့ရှိရပါသည်။ ခေတ်မီနည်းပညာများဖြင့် ထည့်သွင်းတည်ဆောက်ထားသော မြို့ပြအင်ဂျင်နီယာ အဆောက်အဦများမှ Reinforced Concrete များမတိုင်မီကပင် ရှေးမင်း အဆက်ဆက်မှ စေတီတော်မြတ်ကြီး ကြံ့ခိုင်စေရေးအတွက် သံချောင်းများအား လိုအပ်သလို ထည့်သွင်း အသုံးပြုခဲ့ကြပါသည်။ ထို့အပြင် စေတီရံစေတီငယ်များ၏ ငှက်ပျောဖူးထိပ်၊ ထီးတော်အထိုင် ကလပ်များအား မြန်မာတို့၏ ပန်းပဲအတတ်ပညာဖြင့် ပူဇော်ဆောင်ရွက်ခဲ့ကြပါသည်။