ပွဲတော်အမည်
ကျင်းပသည့်လ
ကျင်းပသည့်အချိန်
ဗုဒ္ဓမြတ်စွာသာသနာတော်၏ အရင်းမူလရေသောက်မြစ်ဖြစ်သော ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွားထွန်းကား၍ ပရိယတ္တိအကျော် သံဃာတော်များ စဉ်ဆက်မပြတ် ပေါ်ပေါက်စေရန် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် စေတိယင်္ဂဏပရိယတ္တိဓမ္မနုဂ္ဂဟ စာလျှောက်မေးပွဲကြီးကို နှစ်စဉ် နတ်တော်လတွင် ကျင်းပလျက်ရှိပြီး ယင်းစာလျှောက်မေးပွဲကြီးတွင် ဖြေဆို အောင်မြင်တော်မူကြသော သံဃာတော်အရှင်သူမြတ်တို့အား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်ဆက်ကပ်သည့် စာအောင်ဆုနှင်းသဘင်အခမ်းအနားကြီးကို ပြာသိုလတွင် စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပခဲ့ပါသည်။ နံနက် ၇ နာရီအချိန်တွင် စာအောင် သံဃာတော်များနှင့် ဆွေတော်မျိုးတော်များ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများတို့က စေတီတော်မြတ်ကြီးအား ရင်ပြင်တော်တစ်ပတ် လှည့်လည်ပူဇော်ခဲ့ကြပါသည်။ နံနက်(၈)နာရီအချိန်တွင် စေတိယင်္ဂဏစာအောင်ဆုနှင်းသဘင်အခမ်းအနားကို ရင်ပြင်တော်မြောက်ဘက် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော် ကြီးများ၊ စေတိယင်္ဂဏနာယကဆရာတော်များ၊ ပင့်သံဃာတော်များ၊ စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြပါသည်။ စေတိယင်္ဂဏပရိယတ္တဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကြီးတွင် အောင်မြင်တော်မူခဲ့သည့် သီးခြားစာချတန်းအောင် သံဃာတော်များနှင့် သီးခြားစာသင်တန်းအောင် သံဃာတော်များအား ဘွဲ့တံဆိပ်အောင် လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယကဆရာတော်များ၊ ပင့်သံဃာတော်များနှင့် စာအောင်သံဃာတော်များအား နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် စာအောင်ဆုနှင်းသဘင်အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော ဩဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏဩဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်ကြီးများ၊ နိဗဒ္ဓဆရာတော်များ၊ စောင့်ရှောက်ရေးသံဃာတော်များနှင့် စေတိယင်္ဂဏစာအောင်သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စာအောင်သံဃာတော်များ၏ ဆွေတော်မျိုးတော်များ ဝေယျဝစ္စကုသိုလ်ပြုကြသူများအား ဧည့်ခံကျွေးမွေးခဲ့ပါသည်။