အသေးစိတ်အချက်အလက်များ
တန်ဆောင်းအမည်
ရခိုင်တန်ဆောင်း
တည်နေရာ
အနောက်ဘက်မုခ်နှင့် တောင်ဘက်မုခ်ကြား
Category
ဇရပ်တန်ဆောင်းများ | ဖူးမြော်ရန်နေရာများ
ရွှေတိဂုံစေတီတော် ရင်ပြင်တော် စနေထောင့်အနီးရှိ တန်ဆောင်းဖြစ်ပါသည်။ မြန်မာသက္ကရာဇ် ၁၂၇၂ (၁၉၁၁) ခုနှစ်တွင် ရခိုင်ပွဲစားကြီး ဦးဘထော်+ဒေါ်စို မိသားစုနှင့် ဦးဒိုးအောင်+ဒေါ်အိမ်စိုးမေ မိသားစုတို့က ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ ထိုစဉ်က ရခိုင်တန်ဆောင်း တည်ဆောက်ရန်အတွက် အနောက်ပြည် ရခိုင်ကုန်သည်များထံမှ အလှူငွေများကို သင်္ဘောကုန်တင်ရာတွင် ချလံတန်စောင်လျှင် ငွေ ၂ ကျပ်နှုန်းဖြင့် စုစည်း ကောက်ခံခဲ့ပြီး မန္တလေးမြို့မှ အနုပညာရှင်၊ ဗိသုကာ ပန်းပုဆရာ ဆရာစိုင်နှင့် ဖခင်ဆရာ ခင်ညိုတို့၏ လက်ရာဖြစ်သော ခြူးပန်း၊ ခြူးနွယ်၊ ပန်းပွင့်၊ ပန်းပြောက်၊ ပန်းချီ၊ ပန်းပု၊ ရုပ်လုံးရုပ်ကြွများဖြင့် ထုဆစ်လျှက် ခမ်းနားထည်ဝါစွာ တည်ဆောက်ထားပါသည်။ ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်တွင် ရခိုင်လူမျိုးများ လှူဒါန်းထားသော တန်ဆောင်း၄ခုအနက်မှ နှစ်ပေါင်း (၁၀၀)ကျော် သက်တမ်းရှိ ရှေးဟောင်း တန်ဆောင်းတစ်ခု ဖြစ်ပါသည်။
တန်ဆောင်းပြာဿဒ်အဆင့်ဆင့်တွင် မြန်မာမှုသစ်သားပန်းပု ရုပ်လုံး ရုပ်ကြွများဖြင့် ဇနကဇာတ်၊ ဥပကဇာတ်၊ သုဝဏ္ဏသာမဇာတ်တို့ကို သရုပ်ဖော် ထုဆစ်ထားသော ရှေးဟောင်း မြန်မာမှု အနုစိတ်လက်ရာများ တွေ့မြင်နိုင်ပါသည်။ ၁၂-၅-၁၉၆၆ နေ့တွင် လေပြင်းတိုက်၍ တန်ဆောင်းကြီး ခေါင်မိုးရှိ ပြဿဒ်တစ်ဆောင် ပျက်စီးသွားသည်ကို ဘဏ္ဍာတော်ထိန်းအဖွဲ့မှ ပြန်လည်ပြုပြင်ခဲ့ပါသည်။ ရခိုင်တန်ဆောင်းရှိ မြန်မာမှု ပန်းတောင်၊ ပန်းခက်များအား ၁၉၉၆ ခုနှစ်ထိ ရေနံချေးသာသုတ်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှစတင်၍ သစ္စေးပြောင်းလဲ သုတ်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ် ဘက်စုံစီမံကိန်းတွင် ရှေးဟောင်းသစ်သား တန်ဆောင်းကြီးဖြစ်၍ မူလလက်ရာမပျက်စေဘဲ သစ်သားပန်းများ အစားထိုးတပ်ဆင်ခဲ့ခြင်းနှင့် အမိုးပိုင်း အမာခံ ပြုပြင်ခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၁-၂၀၀၂ ခုနှစ်တွင် မူလလက်ရာမပျက် ကြိုးစားဆောင်ရွက်သော်လည်း သစ်သားများ ဆွေးမြေ့နေသဖြင့် ပန်းတောင်ပန်းခက်များ အသစ်ထုလုပ် တပ်ဆင်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် တန်ဆောင်းရှိ ထုပိကာများ ကြိုးကျခဲ့ခြင်းအား မူလလက်ရာမပျက် ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် ဆွေးမြေ့နေသော သစ်သား ထုတ်တန်းပြုပြင်ခြင်း၊ လင်းနို့တောင်ပန်းဆွဲများနှင့် မျက်နှာကြက်များ အစားထိုးပြုပြင်ခြင်း၊ ၂၀၁၈ ခုနှစ်တွင် ကြမ်းခင်း ပေါလစ်တိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။